မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ညောင်ရွာအနီးကို ဧပြီ ၆ ရက် ဒီနေ့ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က Mi35 တစီးနဲ့ ပစ်ခတ်ပေးပြီး ရိုးရိုးဂျက်လေယာဉ် ၂ စီးနဲ့ မြေပြင်ကို စစ်သားတွေ ချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “လေယာဉ်နဲ့လာပစ်တာ ဟုတ်တယ်ဗျ။ သူတို့က ကျနော်တို့ ပန်းတိုင်တော၊ သာယာကောင်း၊ ညောင်ရွာ စတဲ့ သုံးရွာပတ်ပတ်လည်ကို ပတ်ပစ်တယ်။ ဘာကြောင့် အခုလို ပစ်ခတ်ရတာလဲ ဆိုတော့ မြိုင်မြို့ စက်မှု ၂ ကနေ ထွက်လာတဲ့ စစ်ကြောင်းကို အရင်နေ့တွေက တော်လှန်ရေးအဖွဲ့တွေက ဝိုင်းပစ်လို့ အခုလို လေယာဉ်နဲ့လာပစ်တာ ဖြစ်နိုင်တယ်။ ဒီနေ့ကတော့ မြေပြင်စစ်ကြောင်းနဲ့ ပစ်ခတ်တာတော့ မရှိဘူး။ ပစ်ခတ်တာမရှိဘဲကို သက်သက်လာပစ်တာ။ မြေပြင်စစ်ကြောင်းကတော့ လတ်တလော ညောင်ရွာကို ရောက်နေတယ်။ အဲဒီစစ်ကြောင်းက ပြည်သူ့တော်လှန်ရေးစခန်းတခုကိုလည်း လတ်တလော မီးရှို့နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးတဲ့အခါ အထိခိုက်အကျဆုံးများ ရင်ဆိုင်ရတိုင်း အခုလို လေကြောင်းကနေ ပစ်ကူပေးနေရတယ်လို့ မြိုင်ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
“ဒီစခတွေက သိက္ခာမဲ့တာ အကုန်လုပ်တယ်။ အခုလည်း မြေပြင်မှာ တိုက်ပွဲလည်းမရှိဘဲနဲ့ကို လေယာဉ်နဲ့ လာပစ်တယ်။ စစ်သားတွေ မြေပြင်ကိုချတယ်။ သူတို့ မြေပြန့်ကို ရိုးရိုးဂျက်လေယာဉ် ၂ စီးနဲ့ ချတာတွေလုပ်တယ်။ ဂျက်လေယာဉ် ၂ စီးနဲ့ဆိုရင် စစ်သားအင်အား ၁၀၀ နီးပါးလောက် ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းထားတယ်။ ရုတ်တရက် လာပစ်ခံရတာဆိုတော့ ဒေသခံကျေးရွာသုံးရွာက ပြည်သူတွေကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေ တတ်နိုင်သလောက် ကယ်ထုတ်နေပါတယ်ဗျ။ လတ်တလောတော့ လေယာဉ်နဲ့ပစ်လို့ အထိအခိုက် အကျအဆုံးစာရင်းကို အတည်ပြုလို့မရသေးဘူး” လို့ မြိုင်မြို့နယ် Myaing Warriors ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ဗိုက်ပူက ပြောပါတယ်။
အခု စစ်ကောင်စီက Mi35 တစီးနဲ့ လာပစ်ခဲ့တဲ့ ပန်းတိုင်းတောကျေးရွာဟာ အိမ်ခြေ ၈၀၀ ကျော်၊ ညောင်ရွာကလည်း အိမ်ခြေ ၈၀၀ ခန့်၊ သာယာကောင်းကျေးရွာက အိမ်ခြေ ၃၀၀ ခန့်ရှိပြီး အဆိုပါကျေးရွာက ဒေသခံတွေ လတ်တလော အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။