Home
မြန်မာသတင်း
ကသာမြို့နယ် ကျေးရွာ ၃ ရွာကို စစ်တပ်ကမီးရှို့၊ ကလေးမြို့နယ်တွင် ၇ ရက်ဆက် တိုက်ပွဲဖြစ်
DVB
·
April 6, 2023

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းရွာတိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဧပြီ ၄ ရက်ကနေ ၅ ရက်အထိ ကျေးရွာ ၃ ရွာက အိမ်ခြေ ၁၂၅ လုံးထက်မနည်း မီးရှို့ခဲ့ပြီး ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေကာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့နယ် ဝဲကြီးရွာနဲ့ ကြက်တကောင်ရွာကနေ ကသာမြို့နယ် အင်းရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

“သူတို့က ဧပြီ ၃ ရက်နေ့ ညနေမှာ ပျဉ်းလေးပင်ရွာကို ညအိပ်တယ်။ အဲရွာကနေ ဧပြီ ၄ ရက် မနက်ခင်းမှာ ဖုန်ကုန်းရွာကို ထပ်ဝင်တယ်။ ဖုန်ကုန်းရွာကနေ ပျဉ်လေးပင်ရွာကို ပြန်လာပြီး ရွာကိုမီးရှို့တယ်။ အဲ့ရွာမှာ အိမ် ၁၅ လုံး မီးလောင်သွားတယ်။ အဲလို ရွာကိုမီးရှို့လို့  တပ်ရင်း ၃ အဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်တာတွေလုပ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တော့ သူတို့ ရွာကိုမီးမရှို့ဘဲ ကျမတို့ရွာကနေ ရွှေဘုံသာရွာဘက်ကိုတက်ပြီး စစ်ကြောင်းထိုးတယ်။ အဲလိုထွက်တာကို ရွာရဲ့သင်္ချိုင်းကုန်းအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ ခဏတိုက်ပွဲဖြစ်တယ်။ အဲလိုတိုက်ပွဲဖြစ်တော့ သူတို့က အနီးအနားက ကျွန်းတောကုန်းရွာကို မီးရှို့တယ်။ အဲရွာက အိမ်ခြ ၁၀ လုံးကျော် မီးလောင်တယ်။ အဲရွာအနီးမှာလည်း တိုက်ပွဲလေး ဖြစ်သေးတယ်။ အဲရွာကနေ ရွှေဘုံသာဘုန်းကြီးကျောင်းမှာ တပ်ဆွဲတယ်။ အဲဒီ ဧပြီ ၄ ရက်နေ့ ညမှာ ကျမတို့ အင်ရွာတိုက်နယ်ထဲက ပေလမ်းကုန်းရွာ၊ ကျွန်းတောကုန်းရွာကို လေယာဉ်နဲ့ သုံးကြိမ်ပတ်ပြီး ပစ်တယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်လို့ ပထမ ၂ ကြိမ်မှာ လူတွေနဲ့အိမ်တွေ ထိခိုက်မှုမရှိခဲ့ဘဲ တတိယအကြိမ် လာပစ်တာမှာ ကျွန်းတောကုန်းရွာက အိမ်ပေါ်ကျပြီး အိမ်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကသာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက “ဧပြီ ၅ ရက်နေ့ကတော့ ကသာမြို့ကနေ ဧရာဝတီမြစ်အတိုင်း စစ်အင်အားလာဖြည့်တာတွေ လုပ်တယ်။ အင်အား ၂၅ ယောက်လို့လည်း သိထားရတယ်ဗျ။ အဲလိုအင်အားဖြည့်ပြီး တပ်ထွက်ရာမှာ အင်ရွာတံတားဟောင်းအနီးမှာ ဒီနေ့မနက်မှာ ထိတွေ့တိုက်ပွဲ ထပ်ဖြစ်တယ်။ အဲရွာကနေ ပေလမ်းရွာကို ရောက်လာပြီး ရွာကိုမီးရှို့တော့တာပဲ။ ညနေ ၅ နာရီလောက်မှာလည်း ထပ်ပြီး မီးရှို့နေတယ်။ ရွာအလယ်ခေါင် ကွန်ကရစ်လမ်း ဘေးဝဲယာကအိမ်တွေ မီးလောင်တယ်။ ကျနော်တို့ ဒရုန်းနဲ့ကြည့်ရတာက အိမ်ခြေ ၁၀၀ ထက်မနည်း မီးလောင်ထားတယ်။ ဒီထက်လည်း ပိုနိုင်တယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ကျေးရွာတွေကို မီးရှို့နေတာကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရပြီး ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက မီးရှို့တာကြောင့် ပျဉ်းလေးပင်ရွာဟာ အိမ်ခြေ ၄၅၀၊ ကျွန်းတောကုန်းရွာက အိမ်ခြေ ၁၀၀ နီးပါးနဲ့ ရွှေဘုံသာရွာက အိမ်ခြေ ၁၅၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း၊ လက်ပံချောင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့တယ်လို့ CDF-KKG ထံက သိရပါတယ်။

မတ် ၃၀ ရက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ပျူစောထီးကျေးရွာဖြစ်တဲ့ ဆည်တော်ဦးရွာဘက်ကနေ စစ်ကြောင်းထိုးလာစဉ်ကတည်းက ဧပြီ ၅ ရက်အထိ CDF-KKG ပူးပေါင်းတပ်‌ဖွဲ့တွေနဲ့ ထိ‌တွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ကုန်းကြောင်းကသာမက လေကြောင်းပစ်ကူတွေပါ ၂ ရက်ဆက်တိုက် အသုံးပြုခဲ့တာလို့ CDF-KKG ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဘက်က အထိနာတော့ လေကြောင်းကနေပါ ပစ်ကူတာပေါ့။ ပထမတကြိမ်က တစီးတည်းပစ်တာ။ ဒုတိယတကြိမ်က Mi35 ၂ စီးနဲ့ ဂျက်တစီး ပေါင်းပစ်ကြတာ။ လေကြောင်းရန်ကြောင့် ကျနော်တို့ဘက် ထိခိုက်မှုတော့ မရှိခဲ့ဘူး။ သူတို့ဘက်က မြို့တွင်းကနေ လက်နက်ကြီးပစ်ကူကြောင့် ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်။”

အဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ရကာ စစ်ကောင်စီတပ်သားတွေ ကျန်ခဲ့တဲ့ MA3 ကျည်ဘောက် ၂ ခု၊ ၅.၅၆ ကျည် ၂၈ တောင့်နဲ့ ဓားတလက် အပါအဝင် ယူနီဖောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ ပျဉ်းတောဦးရွာ အနီးတဝိုက်မှာ သာလွန်အင်အားသုံးပြီး တပ်စွဲနေထိုင်ကာ အနီးပတ်ဝန်းကျင်တလျှောက်ကို တပ်ဖြန့်နေတာကြောင့် CDF-KKG ပူးပေါင်းတပ်တွေနဲ့ အချိန်မရွေး နေရာမရွေး တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ CDF-KKG က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024