Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ကား ၃ စီးထဲ ပြွတ်သိပ်လိုက်လာသော ရိုဟင်ဂျာ ၈၉ ဦး ဖမ်းဆီးရမိ
DVB
·
April 6, 2023

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်ထဲမှာ ကား ၃ စီးထဲ ပြွတ်သိပ်လိုက်ပါလာတဲ့ မြန်မာပြည်က တရားမဝင်ရိုဟင်ဂျာ ၈၉ ဦး ဖမ်းဆီးရမိတယ်လို့ ဧပြီ ၅ ရက် မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

စစ်တပ်၊ နယ်မြေခံရဲ၊ လ.ဝ.က ရဲနဲ့ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၄ ရက် ညနေပိုင်းက ချွန်းဖွန်းခရိုင် ထုန့်တကိုမြို့နယ် ထုန်းတခိုက်ရပ်ကွက်ထဲရှိ အမှတ် ၂ အမြန်လမ်းမကြီးပေါ် တာဝန်ထမ်းဆောင်စဉ် နောက်ခန်းမှာ အလျူမီနီယံတွေနဲ့ ကွန်တိန်နာခန်းလို လုပ်ထားတဲ့ ပစ်ကပ်ကား ၁ စီး မောင်းဝင်လာကြောင်း၊ အဆိုပါကားဟာ လေးလံသောအရာတွေ တင်ဆောင်လာသလို ရှိတဲ့အတွက် မသင်္ကာလို့ စစ်ဆေးရာမှာတော့ ကွန်တိန်နာထဲမှာ ပြွတ်သိပ်ပြီး လိုက်ပါလာတဲ့ အမျိုးသမီး၊ အမျိုးသားအယောက် ၃၀ ကို တွေ့ရတာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ထိုင်းယာဉ်မောင်းသမား နိုင်းဝီရဖုန်း ထွက်ဆိုချက်အရ ကားပေါ် လိုက်ပါလာသူတွေဟာ မြန်မာပြည်ကလာတဲ့ တရားမဝင်ရိုဟင်ဂျာတွေဖြစ်ကြောင်း၊ သူတို့ဟာ မလေးရှားနိုင်ငံကို သွားမှာဖြစ်ပြီး သူ့အနေနဲ့ ကန်ကျနပူရီကနေ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်ထိ ပို့ပေးဖို့ ၁ ဦးလျှင် ဘတ် ၃ သောင်းနှုန်းနဲ့ သယ်ဆောင်လာတာလို့ ပြောပါတယ်။ 

ဆက်လက်စစ်ဆေးချက်အရ သူတို့အသုတ်မှာ စုစုပေါင်း ကား ၃ စီးရှိပြီး ၂ စီးက အရင်သွားနှင့်ပြီလို့ ထွက်ဆိုတာကြောင့် တာဝန်ရှိသူတွေက လန်ဆွန်နယ်မြေရဲတပ်ဖွဲ့ကို လှမ်းအကြောင်းကြားခဲ့ကြောင်း၊ ဒီနောက် ချောင့်မဲ့ကတ် ရပ်ကွက်တွင်းရှိ အမှတ် ၄၁ အာရှလမ်းမကြီးပေါ်မှာ  နောက်ထပ် ပုံစံတူပစ်ကပ်ကား ၂ စီးနဲ့ လိုက်လာတဲ့ တရားမဝင် ရို ဟင်ဂျာ ၅၉ ဦး ဖမ်းမိခဲ့ပါတယ်။ 

သူတို့တွေဟာ အဲဒီကားပေါ်မှာ ပြွတ်သိပ်လိုက်ပါလာပြီး ရာသီဥတုပူပြင်းတဲ့အပြင် ရေမချိုးရတာကြောင့် အားလုံးနံစော်နေကြောင်း၊ ထမင်းမစားရတာလည်း ၂ ရက်ရှိပြီ ဖြစ်တာကြောင့် တချို့ဟာ ကားပေါ်ကဆင်းတာနဲ့ မူးမော်မေ့လဲတာရှိလို့ ရှေးဦးသူနာ ပြုစုပေးခဲ့ရကြောင်း၊ ကားပေါ်မှာ အဲဒီပုံစံအတိုင်း နောက်တရက်ဆက်နေရင်တော့ မွန်းကြပ်ပြီး အလောင်းအဖြစ် မြင်ရဖို့များတယ်လို့ တာဝန်ရှိသူတဦးက သုံးသပ်ပါတယ်။ 

ဘာသာပြန်ရဲ့ ပြောပြချက်အရ အဆိုပါရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းကနေ ထွက်ပြေးလာကြောင်း၊ မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် ပွဲစားကို တဦးလျှင် ကျပ်သိန်း ၂၀ ကျော်ပေးကာ ထိုင်းနိုင်ငံကို တချို့က မဲဆောက်၊ တချို့က ကန်ကျနပူရီဘက်ကနေ ဝင်လာတာလို့ ဆိုပါတယ်။ 

ပွဲစားခတွေကို သူတို့မိဘတွေက အတိုးနဲ့ ချေးငှားရှာပေးတာရှိသလို မြေကွက်တွေ အိမ်တွေ ပေါင်နှံရောင်းချတာလည်း ရှိကြောင်း၊ တချို့ကတော့ မလေးရှားမှာ ရောက်နေတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ပို့ပေးတာလို့ ပြောပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ၉၈ ဦးကိုရော ထိုင်းလူမျိုး ကားမောင်းသမား ၄ ဦးကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ ထုန့်တကိုနယ်မြေရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ကိုးကား - mgronline

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024