Home
မြန်မာသတင်း
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီက လေယာဉ်လေးစီးဖြင့် ပစ်ခတ်၊ ဒေသခံထောင်ချီပိတ်မိ
DVB
·
April 5, 2023

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာ နဲ တနယ်ကျေးရွာအနီးကို စစ်ကောင်စီ မုံရွာနမခတပ်ကနေ လေယာဉ် ၄ စီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူထောင်ချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုဟာက မမျှော်လင့်ဘဲ လေယာဉ်လေးစီးနဲ့ လာပစ်တာ။ ဘာကြောင့်ပစ်တာလဲဆိုတာတော့ နယ်မြေရှင်းလင်းရေးလုပ်တာဖြစ်မယ်။ မြေပြင်မှာ တိုက်ပွဲလည်းမဖြစ်ဘူး။ သူတို့သတင်းရလို့ လာပစ်တာလား ဆို‌တာကတော့ မသိရဘူး။ ရုတ်တရက်လာပစ်တာဆိုတော့ ရွာထဲ ပိတ်မိသူတွေလည်း ရှိတယ်။ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရုံပဲ” လို့ ပန်းရွာသားတဦးက ပြောပါတယ်။

အခုဧပြီလအတွင်းမှာ ပုလဲမြို့နယ်ထဲကို စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းနဲ့  နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဒေသခံကာကွယ်ရေးတပ်နဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“မနက်က လေယာဉ် ၃ စီး ပထမလာပစ်တယ်။ ဂျက်ဖိုက်တာ ၂ စီးက အပေါ်ကနေ ပတ်ပစ်တယ်။ ရိုးရိုးဂျက်လေယာဉ်က မြေပြင်ကို စစ်သားတွေ ချတယ်။ နောက်ပြီး နမခကို ပြန်သွားပြီး နောက်ထပ်မြေပြင်ကို စစ်သားတွေ ထပ်ချတယ်။ စုစုပေါင်း လေယာဉ် ၄ စီး ဖြစ်မယ်ပေါ့။ ဂျက်ဖိုက်တာကတော့ နာရီဝက်၊ ၁ နာရီလောက် အပေါ်ကနေ ပတ်ပစ်ပေးနေတယ်။ ဘာကြောင့် အခုလိုလာပစ်တာလဲဆိုတော့ သတင်းပေါက်ကြားလို့ ဖြစ်နိုင်တယ်။ အဲဒီပန်းရွာနဲ့ တနယ်ရွာကြားမှာ ကာကွယ်ရေးတပ်စခန်းတခု ဝင်စီးတာဖြစ်ဖို့များတယ်။ နောက်ပြီး ပန်းရွာကို ပျူစခန်းလုပ်ဖို့ရာ အစီအစဉ်တွေ စစ်ကောင်ဘက်က လုပ်ဖို့ရှိတယ်လို့ ဖရဲသီးတွေဆီကနေ သိထားရတယ်။ အခုဟာကတော့ ပြည်သူတွေ ထောင်နဲ့ချီပိတ်မိနေတယ်။ လေယာဉ်နဲ့ပစ်လို့ ဒေသခံတွေ အထိခိုက်အကျဆုံးကတော့ လတ်တလော ဘာမှမသိရသေးဘူး” လို့ ဒေသခံကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

လက်ရှိလည်း ပန်းရွာကျေးရွာနဲ့ တနယ်ကျေးရွာကြားမှာ စစ်ကောင်စီက အင်အား ၁၀၀ ကျော်နဲ့ ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ပန်ရွာကျေးရွာနဲ့ အိမ်ခြေ ‌၄၀၀ ကျော် ရှိတဲ့ တနယ်ကျေးရွာက ပြည်သူတွေ စစ်ကြောင်းအတွင်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း  ပုလဲမြို့နယ်အတွင်း  စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ခေါ်သန္တီကျေးရွာအနီးမှာ အိမ်စီးကားတစီးကို ပစ်ခတ်ခဲ့တာကြောင့် သားဖ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါသားအဖ ၃ ဦးဟာ ပုလဲမြို့နယ်၊ ငှက်ပျောတောကျေးရွာက ဖြစ်တယ်လို့ ပုလဲမြို့နယ် ပအဖအဖွဲ့တဦးက ပြောပါတယ်။

“ဖအေက ကုပ်ကိုကျည်ထိမှန်တယ်။ သားနှစ်ယောက်ကတော့ နောက်ကျောထိတာရယ်၊ လက်မောင်းထိတာရယ် ဖြစ်ခဲ့တာဗျ။ ဆေးကုသတော့ ပေးနေတယ်ဗျ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူး။” 

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်အတွင်း ဧပြီ ၁ ရက်ကနေ စတင်စစ်ကြောင်းထိုးလာလာတာ ဖြစ်ပြီး နေ့လယ်ပိုင်းမှာလည်း ပြည်သူကာကွယ်ရေးတပ်နဲ့ မင်းတိုင်ပင်ရွာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၄ ဦးကျဆုံးခဲ့ပြီး ပြည်သူကာကွယ်ရေးအဖွဲ့တွေက M3 သေနတ် ၂ လက်ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ နှောကန်ရွာထဲ ဝင်ရောက်ပြီး သေဆုံးစစ်သားအလောင်းတွေကို ဒေသခံအိမ်တွေနဲ့အတူ မီးရှို့ခဲ့တယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့တာကြောင့် အိမ်ခြေ ၁၅၀ နီးပါရှိတဲ့ နှောကန်ရွာမှာ အိမ်ခြေ ၄ လုံးလောက်သာ ကျန်ရှိတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024