Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၃ ဦးသေဆုံး
DVB
·
April 4, 2023

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဧပြီ ၂ ရက် ညက စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၃ ယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၉၊ တပ်ခွဲ-၁၊ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ဆိပ်ဖြူမြို့နယ် ညောင်နီချောင်းနားမှာ ဧပြီ ၂ ရက် ညက အရပ်ဝတ်တွေနဲ့ ကင်းပတ်ထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်က စစ်ကောင်စီတပ်သားတွေကို PDF တွေလို့ထင်ပြီး စစ်ကောင်စီသတင်းပေး ဒလန်တယောက်က ဆိပ်ဖြူဘက်က ထွက်လာတဲ့ စစ်ကားကို သတင်းပို့ခဲ့လို့ အချင်းချင်း ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ တပ်တွင်းသတင်းပေးတွေဆီက သတင်းရတယ်လို့ ဆိပ်ဖြူဘာမထီ PDF တပ်ရင်းမှူး ကိုပိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကလည်း အရပ်ဝတ်တွေနဲ့ဆိုတော့ လူမှားပြီး အပြန်အလှန် ထိပ်တိုက် တိုက်ပွဲဖြစ်ကြတာဗျ။ အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ၂ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး သူတို့ တပ်တွင်းထဲမှာတော့ PDF က လာပစ်သွားတယ်လို့ သတင်းလွှင့်ထားတယ်။”

အဲဒီ ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့ ဧပြီ ၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာလည်း ကျစ်ပြင်ကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024