ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အနော်ရထာလမ်းထိပ်မှာ မတ်လ ၃ ရက် ည ၁၁ နာရီကျော်က ကုန်တင်ကားတစီးနဲ့ အိမ်စီးကားတစီးတို့ မျက်နှာချင်းဆိုင်တိုက်မိရာ အိမ်စီးကားပေါ်ပါ အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။
“တိုက်တာ အတော်အရှိန်ပြင်းတယ်။ အိမ်စီးကားဆို ခေါင်းပါကျေသွားတယ်။ နှစ်ဦး သေတယ်၊ တဦး ဒဏ်ရာရတယ်။ မြောက်ဥက္ကလာဆေးရုံကို ပို့လိုက်တယ်။”
သေဆုံးသူများမှာ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ကိုအောင်မြင့်စန်း၊ ကိုလှသိန်းထွန်းနဲ့ ဒဏ်ရာရသူမှာ ကိုအာကာဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“လတ်တလော ကုန်ကားမောင်းတဲ့သူကို စစ်ဆေးနေပါတယ်။ မင်္ဂလာဒုံမြို့မရဲစခန်းမှာ။”
မနေ့ည ၁၁ နာရီကလည်း သင်္ဃန်းကျွန်းမြို့နယ် ဆ/သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့မှာ အိမ်စီးကား Honda Fit တစီး ဓာတ်တိုင်ဝင်တိုက်ပြီး မှောက်ခဲ့ရာ ယာဥ်ပေါ်လာသူ အမျိုးသားနှစ်ဦး သေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။