Home
ဆောင်းပါး
ကတုန်ကယင် အာဆီယံနဲ့ မိုက်မိုက်ကန်းကန်း မင်းအောင်လှိုင်
DVB
·
April 4, 2023

ဒေါင်းတင်မောင်းတင်နဲ့ မြန်မာ့အရေးကို ခပ်ပြတ်ပြတ် နှင်တော့မှာလို့ ၂၀၂၃ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအပေါ် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူတွေက မျှော်လင့်ခဲ့ကြတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘောဒီးယားမဟုတ်တာ သေချာတယ်။ ကမ္ဘောဒီးယားလို အာဆီယံဥက္ကဋ္ဌ လုပ်ပိုင်ခွင့်နဲ့ စစ်အုပ်စု အသက်ဆက်ရေးအတွက် ပံ့ပိုးပေးမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ကြတယ်။ ဒါပေမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌသက်တမ်း ၃ လတာ ကြာခဲ့တာတောင် အင်ဒိုနီးရှား ဘာလုပ်နေသလဲလို့ မေးခွန်းထုတ်ရလောက်အောင် မြန်မာ့အရေးဟာ အာဆီယံရပ်ဝန်းမှာ အလှုပ်အရမ်းမရှိ သိပ်တိတ်လွန်းနေတာလည်း ဒီနေ့မျက်မြင်ပါပဲ။

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာကျင်းပ၊ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ဖော်ဆောင်ဖို့သာ ထပ်မံတိုက်တွန်းထားလေတော့ ထုတ်ပြစရာ သဘောတူညီချက် တစုံတရာ မရကြလို့ အလုပ်သဘောမပါတဲ့ သံတမန်ဆန်ဆန် စကားတခွန်းနဲ့ ပွဲဖြတ်လိုက်ကြတာလို့ ထင်ရပါတယ်။

၂၀၂၂ နိုဝင်ဘာ ၁၁ ရက်နေ့၊ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ချက်ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ မူ ၅ ရပ်ကို အချိန်အကန့်အသတ် ပြဋ္ဌာန်းဖော်ဆောင်ဖို့နဲ့ အာဆီယံအနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ မကြာမီ ထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။ မူ ၅ ရပ်ကို အချိန်ကန့်သတ်ဖော်ဆောင်ဖို့ အသေးစိတ်ကိစ္စတွေကို ၂၀၂၃ ခုနှစ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲကြမယ်လို့လည်း ဆိုခဲ့တယ်။

ဆုံးဖြတ်ချက် ၁၅ ချက်ကို ဖေဖော်ဝါရီ ပထမပတ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြမယ်လို့ ထင်တယ်။ အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အမာလိုင်း၊ အပျော့လိုင်းနဲ့ ဟိုလိုလိုဒီလိုလို လိုင်းတို့ကြား သဘောတူညီချက်တခုလေးများတောင် မရခဲ့ဘူးလို့ ထင်ရတယ်။

အင်ဒိုနီးရှားဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တော့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားခဲ့ပုံရပါတယ်။မြန်မာစစ်ဗိုလ်ချုပ်တွေကို အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံတွေ ရှင်းပြချင်တာကြောင့် အင်ဒိုဗိုလ်ချုပ်ဟောင်းတဦးကို မြန်မာနိုင်ငံစေလွှတ်ဖို့ စီစဉ်ထားကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဖေဖော်ဝါရီ ၁ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောခဲ့တယ်။ အဲဒီ အင်ဒိုဗိုလ်ချုပ်ဟောင်းဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Luhut Panjaitan ဖြစ်ပြီး သူ့ကို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့ စီစဉ်နေတယ်လို့လည်း နိုင်ငံတကာသတင်းတွေက ဖော်ပြကြပါတယ်။

ဒါပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို နားချမယ့် အင်ဒိုဗိုလ်ချုပ်ဟောင်းရဲ့ ခရီးစဉ်ဟာ အခုအချိန်ထိ ဖြစ်မလာသေးသလို မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးဟာလည်း ပျောက်ချင်းမလှ ပျောက်ဆုံးနေပါတယ်။

ဘာ့ကြောင့် ခရီးစဉ်မဖြစ်ရတာလဲဆိုတော့ မင်းအောင်လှိုင်က အလာမခံတာကြောင့်လို့ တည့်တည့်ပြောကြည့်ရင် မှားမယ်မထင်ပါဘူး။ မင်းအောင်လှိုင်ဆိုတာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လက်မခံလို့ တိုင်းပြည်အာဏာသိမ်းနိုင်ဖို့ ကြိုးစားနေသူတဦးဖြစ်ပြီး ရှေ့တလှမ်းတိုးဖို့ကိုတောင် ကတုန်ကယင်ဖြစ်နေတဲ့ အာဆီယံမပြောနဲ့၊ ကမ္ဘာ့အဆင့် အာဏာကြီးတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကိုတောင် ပယ်ချ အာခံခဲ့သူ ဖြစ်ပါတယ်။

မင်းအောင်လှိုင်လိုချင်တဲ့ အာဆီယံအထူးကိုယ်စားလှယ်ဆိုတာ ၂၀၂၂ ခုနှစ် အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း (ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး) လို ဖိအားတွေ ဘာတွေမပေး၊ တွေ့ခိုင်းတဲ့သူနဲ့တွေ့ပြီး အသာတကြည် ပြန်သွားတာမျိုးသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကိုလာ နားချမယ်ဆိုတဲ့ အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်းကို လက်မခံတာ သဘာဝကျပါတယ်။

အင်ဒိုနီးရှားအတွက်တော့ စိတ်ကူးယဉ်ထားခဲ့တာတွေ ပျက်ပြယ်။ အာဆီယံအထူးကိုယ်စားလှယ် ခန့်မယ်ဆိုရင်လည်း ခန့်အပ်တာသာရှိပြီး အလုပ်မရှိတဲ့ ခန့်အပ်မှုသာ ဖြစ်နိုင်တာကြောင့် မခန့်တော့တာလည်း ဖြစ်နိုင်ပါတယ်။

အခု ၂၀၂၃ ခုနှစ်ရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်း ၃ လအကြာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တင်းတင်းရင်းရင်း ဆုပ်ကိုင်ပြစရာ ဘာရှိသလဲဆိုတော့ ဘာဆိုဘာမှ မတွေ့ရသေးပါဘူး။ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် တရုတ်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံတယ်လို့ ပြောကြားခဲ့တယ် ဆိုတာလောက်နဲ့ မတ်လ ၁၃ ရက်နေ့၊ မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အစီရင်ခံတာလောက်သာ ပြောစရာ ရှိပါတယ်။

အင်ဒိုနီးရှားက မြန်မာ့အရေး ငုတ်တုပ်ထိုင် ငိုက်မြည်းနေတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ အခုလောက်ဆို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ NUG အစိုးရနဲ့ တရားမဝင် တွေ့ဆုံမှုတွေ ရှိနေလောက်ပြီဖြစ်သလို မူ ၅ ရပ်ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ ဒီဘိတ်အမျိုးမျိုးနဲ့ ရမ်းခါနေမယ် ထင်ပါတယ်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ တဖက်မှာ စစ်အုပ်စုရဲ့ အဖက်မလုပ်ခြင်းကို ရင်ဆိုင်နေရသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား မြန်မာ့အရေး ဘယ်လိုရှေ့ဆက်မလဲဆိုတဲ့ သဘောတူညီချက် တရပ် မရသေးတာကလည်း တခေါင်းလုံး ခဲစရာပါပဲ။

အခု ၂၀၂၃ ဇန်နဝါရီကနေ မတ်လ ၃၁ ရက်အထိ ၃ လတာအတွင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ အကြမ်းဖက် စစ်တပ်သတ်လို့ မြန်မာပြည်သူ ၅၀၆ ဦး ကျဆုံးခဲ့ပါတယ်။ ၃ လတာအတွင်း အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့လို့ ပြည်သူတွေရဲ့နေအိမ် ခန့်မှန်း ၁၂,၅၀၀ ကျော် ပြာကျခဲ့ပြီ ဖြစ်သလို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း မတ်လ ၁၃ ရက်နေ့အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၁၁ ကြိမ်ရှိကာ ပြည်သူ ၁၀၃ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

အာဆီယံဟာ အာဆီယံမူ ၅ ရပ်ကို စစ်အုပ်စုဘက်က စိတ်ယိုင်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ဆက်နေလေတော့ စစ်တပ် ဘယ်လောက်သတ်သတ်၊ စစ်တပ်မီးရှို့လို့ တနိုင်ငံလုံး ပြာကျသွားတဲ့ထိတိုင် သူတို့နဲ့မဆိုင်သလို မျက်လုံးစုံမှိတ်ခဲ့တာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဘယ်ကမ္ဘာက ဘာပြောပြော၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်တိုင်းလုပ်နေတဲ့ စစ်အုပ်စုခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေး ပေးမတက်တဲ့ ဒဏ်ခတ်မှုလောက်နဲ့ အလုပ်မဖြစ်တော့ဘူးဆိုတာ သိပေမဲ့ မသိချင်ယောင်ဆောင်နေတာ အာဆီယံရဲ့ ဘဝပေးပါပဲ။

အာဆီယံက ရှေ့တလှမ်းတိုးဖို့အရေး တိုင်ပတ်နေလေတော့ မင်းအောင်လှိုင်က နောက်တလှမ်း ထပ်တိုးလှမ်းကာ အာဆီယံကိုရော နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ထပ်စိန်ခေါ်လိုက်ပြန်ပါတယ်။ အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် ပါတီ ၄၀ ကို မတ်လ ၂၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ်ကနေ စစ်အုပ်စုက ဖျက်သိမ်းလိုက်ခြင်းပါပဲ။

အဲဒါဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့ NLD နဲ့ ရှမ်းပြည်နယ်မှာ အောင်လံထူခဲ့တဲ့ SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) တို့လို ပါတီမျိုးကို မြန်မာနိုင်ငံရေး စင်မြင့်ထက်ကနေ အပြီးအပြတ် ဖယ်ရှားနိုင်မလားဆိုတဲ့ စစ်အုပ်စုရဲ့ ရူးမိုက်ချက်ပါပဲ။ ဒီလုပ်ရပ်အပေါ် နည်းနည်းလေး ဆန့်တွေးလိုက်ရင် အာဆီယံမူ ၅ ရပ်ကို လုံးဝလက်ခံမှာမဟုတ်ကြောင်း မိုက်ကန်းကန်းလေသံနဲ့ အာဆီယံကို အပြတ် ပြောလိုက်ခြင်းလည်း ဖြစ်ပါတယ်။ မူ ၅ ရပ်ကို စစ်အုပ်စု လက်မခံဘူးဆိုတာ မသိချင်ယောင်ဆောင်နေတဲ့ အာဆီယံကို အိပ်ချင်ယောင်ဆောင်မနေနဲ့တော့လို့ စစ်အုပ်စုက ပုတ်နှိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒါကို နောက်တနည်း ထပ်ပြောရရင် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုနဲ့သာ ကိုင်တွယ်သင့်ကြောင်း အာဆီယံကို လက်တွေ့ သက်သေပြလိုက်ခြင်း ဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စစ်အုပ်စုအပေါ် ပေးနေတဲ့ ဖိအားဟာ မလုံလောက်သေးကြောင်းလည်း ဖော်ပြနေပါတယ်။

အာဆီယံက ထိရောက်တဲ့ခြေလှမ်းတွေ ဆက်မလှမ်းသရွေ့ စစ်အုပ်စုကတော့ နောက်ထပ် ခြေလှမ်းတွေ ဆက်လှမ်းနေဦးမှာပါပဲ။ စစ်အုပ်စုက ရှင်းပါတယ်။ သူတို့မှာ ဘာနိုင်ငံရေးပရိယာယ်မှာ မရှိပါဘူး။ အာဏာကို ရာသက်ပန် ဆုပ်ကိုင်နိုင်ရေးအတွက် ငရဲလမ်းကိုသာ တစိုက်မတ်မတ် ဆက်ဖောက်သွားမှာဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေးကို အဖြစ်မှန်အတိုင်း ရင်ဆိုင်ရဲဖို့ လိုအပ်ပြီဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024