မြန်မာ့မီးရထားလက်မှတ်တွေ ဝယ်ယူရာမှာ လက်မှတ်ခအပိုပေးပေးရတာနဲ့ တရားမဝင်(မှောင်ခို) ဝယ်ယူရတာရှိရင် တိုင်ကြားနိုင်တယ်လို့ ဘူတာရုံတာဝန်ရှိသူတွေက ထုတ်ပြန်ထားပေမဲ့ မှောင်ခို အရောင်းအဝယ်တွေရှိနေဆဲပဲလို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
ရထားလက်မှတ် မှောင်ခိုဈေးကွက်မှာ ရိုးရိုးတန်း၊ အထက်တန်းလက်မှတ်တွေ လိုသလောက်ရနေပြီး လက်မှတ်တစ်စောင်ကို ကျပ် ၃၀၀၀ လောက်ထိပိုမိုပေးဆောင်ရတယ်လို့ မီးရထားစီးခရီးသည်တွေက ပြောပါတယ်။
နေပြည်တော်ကနေ မန္တလးကို ရထားနဲ့ခရီးသွား ပြည်သူတဦးက "ရထားလက်မှတ်ဝယ်ရင် လက်မှန်ခပိုပေးရတယ်ဆို တိုင်ကြားနိုင်တယ်ဆိုပြီး စာတွေတော့ ကပ်ထားတာပဲ တကယ် လက်တွေ့ဝယ်ရင်တော့ ၅၀၀ ကျပ်အောက် ပြန်အမ်းငွေဆို အကြွေမရှိလို့ ပါဆိုပြီး ပြန်မပေးတာက များတယ်"လို့ ပြောပါတယ်။
ရထားခရီးစဉ်အလိုက် လက်မှတ်ဝယ်ယူရာမှာလည်း တန်းစီဝယ်ယူရသလို ရိုးရိုးတန်းထိုင်ခုံ လက်မှတ်တွေ ဝယ်ယူရလေ့ရှိပြီး အထက်တန်း ထိုင်ခုံလက်မှတ်ကတော့ ကုန်သွားပြီလို့ လက်မှတ်ရောင်းက အမြဲပြောကြောင်း ရထားစီးခရီးသည်တစ်ဦးက ပြောပါတယ်။
ရထားလက်မှတ်ကို မှောင်ခိုဈေးကွက်ကနေ ဝယ်ခဲ့ရသူ တဦးက "လက်မှတ် ဝယ်ရင် တန်းစီရတယ်။ ကိုယ့်အလှည့်ရောက်တော့ အထက်တန်းလက်မှတ်လို့ပြောရင် မရှိဘူးလို့ဘဲ အမြဲပြောတယ်။ တခါတလေ ရိုးရိုးတန်းလည်း ဝယ်မရဘူးလေ။ အဲဒီတော့ မှောင်လိုဈေးကွက်မှာ ရှာဝယ်ကြရတာပေါ့ "လို့ ပြောပါတယ်။
ရထားနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မြန်မာ့မီးရထားလက်မှတ်ရုံတွေမှာ လက်မှတ်နဲ့ ပတ်သက်ပြီး မသမာမှုတွေရှိပါက သက်ဆိုင်ရာ ဘူတာကြီးတွေရဲ့ရုံပိုင်ကြီးတွေထံမှာ တိုက်ရိုက် တိုင်ကြားနိုင်သလိုသက်ဆိုင်ရာတာဝန်ခံ မန်နေဂျာတွေကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ထားပါတယ်။