Home
မြန်မာသတင်း
နိုင်ငံရေးပါတီ ​၄၀ ကို ဖျက်သိမ်းမှု အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဩစတြေးလျနှင့် ဂျပန် ကန့်ကွက်ရှုတ်ချ
DVB
·
March 31, 2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်တဲ့အပေါ် အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ဩစတြေးလျနဲ့ ဂျပန် စတဲ့နိုင်ငံတွေက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်သူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD နဲ့ တခြားပါတီတွေကိုသာ တခဲနက် ပြန်လည်ရွေးချယ် ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပြီး နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတဲ့ စစ်အာဏာရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွင်းက ပြည်သူအများရဲ့ ဆန္ဒသဘောထားနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ပြီး မထေမဲ့မြင်ပြုကြောင်း ဖော်ပြနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအတိုက်အခံပြုတာကို ပိတ်ပင်ထိန်းချုပ်ဖို့နဲ့ အများပြည်သူ လွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့်ရှိတဲ့ ပြည်သူ့အဝန်းအဝိုင်းကို မြေလှန်အမြစ်ဖြတ်ဖို့ အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကြိုးပမ်းနေတာတွေက သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားတွေ ပိုမိုတည်တံ့ခိုင်မြဲစေဖို့ ကြံဆောင်တာဖြစ်ပြီး ပြစ်ချက်များစွာ ပြည့်နှက်နေတဲ့ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မယ်ဆိုရင်လည်း မြန်မာနိုင်ငံတွင်းက မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို ကိုယ်စားပြုလိမ့်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့်မို့ အခုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ဖို့၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်နေတာ ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့နဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို လေးစားလိုက်နာဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်က တောင်းဆိုထားပါတယ်။

ကနေဒါနိုင်ငံကလည်း စစ်အုပ်စုရဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ အဖွဲ့အစည်းတွေကို ပျက်ပြားစေဖို့နဲ့ အတိုက်အခံတွေရဲ့ အသံတွေကို နှုတ်ပိတ်ဖို့ ကြိုးပမ်းတာဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေကာ ဒီမိုကရေစီ အပြည့်အဝပါဝင်တဲ့ မြန်မာနိုင်ငံဆီ ပြန်လည်ရောက်ရှိရေးကို နှောင့်နှေးစေမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းစွာပြန်လာဖို့ ကနေဒါနိုင်ငံက ဆက်လက်တောင်းဆိုလိုက်ပြီး အတိုက်အခံပါတီဝင်တွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ ဒါမှမဟုတ် နှုတ်ပိတ်တာတွေ အပါအဝင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု မရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်က ပဋိပက္ခကို ပိုမိုဆိုးရွားစေမှာ ဖြစ်တယ်လို့လည်း ပြောလိုက်တာပါ။

ယူကေအစိုးရဲ့  နိုင်ငံရပ်ခြား ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအပါအဝင် ပါတီ ၄၀ ကို အခုလို ဖျက်သိမ်းလိုက်တာဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ထပ်ပြီးစော်ကားလိုက်တာပဲလို့ ထုတ်ပြန်ပါတယ်။

ပြည်သူတွေရဲ့ ဒီမိုကရေစီရေးဆန္ဒတွေကို လေးစားတဲ့ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေမရှိဘဲ စစ်အာဏာရှင် ဖန်တီးနေတဲ့ ပဋိပက္ခတွေဟာ အဖြေရှိမှာ မဟုတ်ကြောင်း၊ အတိုက်အခံတွေကို ဖိနှိပ်ပြီး ကြောက်ရွံ့လာအောင် လူမဆန်တဲ့ ရက်စက်တဲ့နည်းတွေ တိုးမြှင့်အသုံးပြုနေတဲ့ စစ်အာဏာရှင်ရဲ့  နိုင်ငံရေးအရ လုပ်ဆောင်ချက်တွေကို ရှုတ်ချတယ်လို့လည်း ပြောပါတယ်။

အကြမ်းဖက်မှုတွေအားလုံး အဆုံးသတ်ဖို့နဲ့ အဓိပ္ပာယ်ပြည့်ဝ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် အခင်းအကျင်းဖန်တီးဖို့ မိတ်ဘက်တွေနဲ့ပေါင်းပြီး စစ်အာဏာရှင်ကို ဆက်လက်ဖိအားပေးသွားမယ်၊ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံဖြစ်ရေး သူတို့ရဲ့ ရည်မှန်းချက် ဆန္ဒတွေကို ပံ့ပိုးကူညီသွားမယ်လို့လည်း ယူကေအစိုးရက ဆိုပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံရေးဖြစ်စဉ်မှာ NLD ပါတီကို ချန်လှပ်ထားတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုမိုခက်ခဲစေမှာဖြစ်လို့ အလွန်အမင်း စိုးရိမ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရဲ့အရေးကိစ္စတွေကို သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်း ပြသဖို့ မြန်မာစစ်အာဏာရှင်ကို ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်။

ဩစတြေးလျအစိုးရကတော့ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေသစ်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးလုပ်ဖို့ အခင်းအကျင်း နောက်ထပ်ပိုမိုကျဉ်းမြောင်းလာတဲ့အပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေ ပိုမိုတိုးမြှင့်ရင်ဆိုင်နေတဲ့ကြားက ပြည်သူတွေဟာ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ သူတို့ရဲ့ သတ္တိနဲ့ သန္နိဋ္ဌာန်ကို ဆက်လက်ပြသနေကြတယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး တရားမဝင် အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေအရ နိုင်ငံရေးပါတီတွေ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိတဲ့ ပါတီ ၄၀ ဟာ အလိုလျောက် ပျက်ပြယ်ပြီးဖြစ်လို့ ဒီပါတီတွေကို မတ်လ ၂၉ ရက်ကစတင်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ကာ ပါတီတွေကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီကော်မရှင်က ကြေညာခဲ့ပါတယ်။

ဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေ ပါဝင်တာ ဖြစ်ပါတယ်။

တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေကို တရားမဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖျက်သိမ်းခွင့် လုံးဝမရှိကြောင်းနဲ့ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တုံ့ပြန်ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024