ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကံဘဲ့ကျေးရွာ၊ ကံဘဲ့ဘုန်းကြီးကျောင်းရှိ အလှူမှာ မတ်လ ၃၀ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းကို ဓာတ်ပုံရိုက်ပြီး စစ်ကောင်စီဆီ အမြဲပို့လေ့ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးဇော်ဦးကို ဒီနေ့မနက်က ကံဘဲ့ဘုန်းကြီးကျောင်း အလှူမှာ သေနတ်ကိုင်ဆောင်ထားသူတွေက လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“သူ့ကြောင့် မနှစ်က ကံသာကျောင်းတိုက်က ဆရာတော်ကို စစ်တပ်က ဖမ်းဖို့လုပ်သေးတယ်။ နိုင်ငံရေးတရားဟောတယ်ဆိုပြီး ရုပ်သံရိုက်ပြီး စစ်တပ်ကိုပို့လိုက်တာ၊ ဆရာ ဒကာတွေ ဝိုင်းတောင်းပန်လို့ မဖမ်းတာ။ အခုလည်း သတင်းလာယူရင်း သေနတ်နဲ့ပစ်ခံရတာ။”
ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အုပ်ချုပ်ရေးမှူးအလောင်းကို သုံးခွမြို့နယ်ဆေးရုံ ပို့ဆောင်ပြီး လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကံဘဲ့ကျေးရွာမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်တွေကလည်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။