Home
မြန်မာသတင်း
နယ်စပ်ဖြတ်ကျော် လုပ်သားများအတွက် အလုပ်သမား အခွင့်အရေး ပြင်ဆင်ပြဋ္ဌာန်းပေးရန် ထိုင်းတာဝန်ရှိများ ဆွေးနွေး
DVB
·
March 24, 2023

ထိုင်း-မြန်မာ နယ်စပ်ဒေသတွေမှာ အပိုဒ် ၆၄ (နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ခွင့် စာအုပ်) ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မတ်လ ၂၃ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ထိုင်းတက္ကသိုလ်က သုတေသီတွေနဲ့ မြန်မာအလုပ်သမားရေး ဆောင်ရွက်သူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

အထူးသဖြင့် နယ်စပ်ဒေသက ရာသီအလိုက် အလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ အပိုဒ် ၆၄ စာအုပ်နဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ၊ ပြုပြင်ပြောင်းလဲရမယ့် စရိတ်တွေ၊ အလုပ်သမားတွေ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

"အပိုဒ် ၆၄ လုပ်ရမှာ ကုန်ကျစရိတ် သက်သာဖို့ ပြင်ဆင်ရမယ်။ အစိုးရက သတ်မှတ်တာ ဘတ် ၁၆၀၀၊ အပြင်မှာ ကုန်ကျတာ ၁၀၀၀၀ အထိ ဖြစ်နေတယ်။ အဲ့တော့ အဲ့လက်မှတ် လုပ်ရမယ့် ကုန်ကျစရိတ်ကို ပြန်သုံးသပ်ရမယ်။ ဒီ အပိုဒ် ၆၄ နယ်စပ်အလုပ်သမား လက်မှတ်ကိုင်ထားရင် ထိုင်းဥပဒေမှာ အလုပ်သမားအခွင့်အရေး ဘယ်လောက်ထိ အတိအကျရမှာလဲ။ အကာအကွယ် ရမှာလဲဆိုတာ ဖော်ပြဖို့ လိုတယ်။ ဒီဥပဒေက လတ်တလော အလုပ်ရှင်လည်း မသက်သာဘူး။ အလုပ်သမားလည်း မထောင်းသာဘူး။ ဘယ်လို ပြင်ဆင်မလဲ။ လူမှုဖူလုံရေး အခွင့်အရေး အတိအကျ လိုအပ်တယ်။”

လက်ရှိ ထိုင်းနိုင်ငံ မဲဆောက်ဒေသ ၃ မြို့နယ်မှာ အပိုဒ် ၆၄ စာအုပ် ကိုင်ထားသူတွေဟာ စက်ရုံအလုပ်ရုံငယ်တွေ၊ အိမ်တွင်းမှု အလုပ်လုပ်သူတွေ ဖြစ်နေပြီး ရာသီအလိုက် အလုပ်သမား ဒါမှမဟုတ် ခြံတောင်ယာနဲ့ ဥယျာဉ်ခြံ လုပ်ငန်းလုပ်ကိုင်သူတွေ ဖြစ်ရမယ်လို့ JACBA အဖွဲ့က ပြောပါတယ်။

အလုပ်သမား ဥပဒေ အပိုဒ် ၆၄ ဟာ ထိုင်းအလုပ်ရှင်ရဲ့ အာမခံစနစ်နဲ့ မြဝတီ-မဲဆောက်၊ ‌ကော့‌သောင်း-ရ‌နောင်းနဲ့ တာချီလိတ်-မယ်ဆိုင် စတဲ့ နယ်စပ်မြို့တွေမှာသာ အလုပ်လုပ်ခွင့် ရှိပြီး ၃ လတစ်ကြိမ် အလုပ်လုပ်ခွင့်နဲ့ ဗီဇာသက်တမ်း ၁ လ တို့နဲ့ အလုပ်လုပ်ခွင့်ရတဲ့ စနစ် ဖြစ်ပါတယ်။

ဒါပေမဲ့ အပိုဒ် ၆၄ စာအုပ်ကိုင်ဆောင်သူတွေအတွက် တိကျ ခိုင်မာတဲ့ လူမှုဖူလုံရေးစနစ် မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

"အပိုဒ် ၆၄ မှာ အကြီးမားဆုံး အားနည်းချက်က နယ်မြေ ဧရိယာ အကန့်အသတ်၊ မဲဆောက်အပါဝင် မြို့နယ် ၃ မြို့နယ်ပဲ သွားလို့ရတယ်။ အလုပ်သမား အခွင့်အရေး အတိအကျ မရဘူး။ စာရွက်စာတမ်း ဝေ့ါပါမစ်ကို ၃ လ တကြိမ်တိုး၊ ဗီဇာကို တလတကြိမ် တိုး၊ ကုန်ကျစရိတ်တွေ တမျိုးပြီးတမျိုး ထွက်တယ်။ အလုပ်ရှင် တိတိကျကျ ခိုင်ခိုင်မာမာ နှစ်တပတ်လည်လုံး ရဖို့ မသေချာဘူး။ အလုပ်ရှင်က အသာစီးရတယ်။ လက်ပြတ် ခြေပြတ် အသက်ဆုံးရှုံး ဖြစ်လာရင် တိကျ ခိုင်မာတဲ့ လူမှုဖူလုံရေးစနစ် မရှိသေးဘူး"လို့ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ စာအုပ်အပြာ (အပိုဒ် ၆၄) ကိုင်ဆောင်ပြီး အလုပ်လုပ်တဲ့ အလုပ်သမား အရေအတွက် ၂၇၀၀၀ ရှိခဲ့ပြီး လက်ရှိမှာတော့ ၂၀၀၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလမှာ စာအုပ် သက်တမ်း မတိုးတာတွေ၊ တချို့ အလုပ်သမားတွေက စာအုပ်အပြာ မကိုင်ဘဲ အလုပ်လုပ်နေတာတွေကြောင့် ပမာဏ နည်းသွားတာလို့ သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံကို နည်းအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာသူတွေ များပြားလာပြီး ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအရေအတွက် ၅ သန်း နီးပါးရှိပြီလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024