Home
မြန်မာသတင်း
ရန်ကုန်တွင် အောက်ဆိုက်ကား ၁ စီးပေါ်က ခရီးသည်များ ဓားပြတိုက်ခံရ
DVB
·
March 20, 2023

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံကနေ လှိုင်သာယာဘက်ကိုထွက်လာတဲ့ လိုက်ထရပ် (အောက်ဆိုက်) ကားတစ်စီးပေါ်  Mask တပ်ဆင်ထားတဲ့လူတစ်စုက ကားပေါ်တက်လာပြီး ခရီးသည်တွေကို ဓားနဲ့ထောက်ကာ ဓားပြတိုက်ခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တွေက ပြောပါတယ်။

မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက ခရေပင်လမ်းဆုံမှာ Mask တပ်ထားတဲ့လူ ၅ ဦးက ကားပေါ်ကို တက်လာခဲ့ကာ ခရေပင်လမ်းဆုံအကျော်က လူရှင်းတဲ့ အကွေ့တစ်ခု ရောက်တဲ့အခါမှာတော့ ကားသမားကို ဓားနဲ့ထောက်ပြီး ကားကို အတင်းရပ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။  

ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တစ်ယောက်က“ခရေပင်လမ်းဆုံအကျော် တညင်းကုန်းလမ်းဆုံ မရောက်ခင် လူနည်းနည်းရှင်းတဲ့ အကွေ့အရောက် တံခါးပေါက်နားမှာထိုင်တဲ့လူတွေကို အရင် ဓားနဲ့ ထောက်ထားတယ်၊ ပြီးတော့ ကားသမားကိုလည်း ရှေ့မှာ ထိုင်တဲ့တစ်ယောက်က ဓားထောက်ထားပြီးတော့ ကားကို အတင်းရပ်ခိုင်းတာ၊ စုစုပေါင်း ၅ ယောက် အကုန်လုံးက ဓားတွေပါတယ်။ ခရီးသည်တွေ အကုန်လုံးဆီက အိတ်တွေ တောင်းတယ်၊ ကားပေါ်မှာပါတဲ့ ဘုန်းကြီးတစ်ပါးဆီကပါ ငွေတွေရော၊ ဖုန်းတွေပါ အကုန်ယူသွားပြီး ထွက်သွားတာ၊ ကားသမားကတော့ ခရီးသည်အားလုံးကို တောင်းပန်တယ်ဆိုပြီး ပြောတာမျိုးတော့ ရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီလက်ထက် ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေမှာလည်း မကြာခဏဆိုသလို အုပ်စုဖွဲ့ပြီး လုယက်မှုတွေ၊ ခါးပိုက်နှိုက်မှုတွေ ပိုများလာတယ်လို့လည်း ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ 

ရန်ကုန်က YBS ယာဉ်တွေဟာ CNG ဓာတ်ငွေ့တန်းစီစောင့်ဆိုင်းရမှုကြောင့် ခရီးသည်ယာဉ်တွေ နည်းပါးလာမှုနဲ့အတူ ဈေးအဆမတန် ကောက်ခံပြီးပြေးဆွဲနေတဲ့ တရားမဝင် အောက်ဆိုက်ကားတွေကလည်း အရေးယူမခံရဘဲ ရန်ကုန်မြို့အနှံ့ ပြေးဆွဲနေကြတာ ဖြစ်ပါတယ်။  

ရန်ကုန်မှာ YBS ခရီးသည်တင်ယာဉ်တွေ အလုံအလောက် ပြေးဆွဲပေးမှု မရှိတာကြောင့် ရုံးအပြန်မှာဆိုရင် အချိန်အတော်ကြာအောင် ကားတွေစောင့်ရတယ်လို့ ခရီးသည်တွက ပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ YBS  ယာဉ်လိုင်း ၁၁၇ လိုင်း၊ ယာဉ်အစီးရေ ၃၆၅၀ နဲ့ ပြေးဆွဲနေတယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က မတ် ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024