ကရင်နီ (ကယား) ပြည်နယ်အတွင်း စစ်ရှောင်စခန်းတွေမှာ ဗုံးခိုကျင်းတူးဖို့အတွက် ငွေကြေးနဲ့ နည်းပညာအကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းတွေမှာ ကူညီပေးနေတဲ့ Job for Kayah ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
စာသင်ကျောင်းမှာရှိတဲ့ ကလေး ၅၀ လောက်အတွက် အလျား ၁၅ ပေ၊ အနံ ၆ပေ၊ အမြင့် ၆ ပေလောက်ရှိတဲ့ ဗုံးခိုကျင်းဆောက်ဖို့ သစ်ဖိုး ၂ သိန်းခွဲလောက်၊ သံ၊ ဆာလာအိတ်၊ မိုးကာတွေနဲ့ သယ်ယူခ ဆီဖိုး စုစုပေါင်း ၄ သိန်းကျော်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်နေရာတွေကို ဗုံးခိုကျင်း ဆောက်လုပ်ဖို့အတွက် ရန်ပုံငွေနဲ့ ဆောက်လုပ်ရ ပိုမိုလွယ်ကူတဲ့ နည်းပညာအကူညီတွေရရှိမယ်ဆိုရင် မြေပြင်မှာ ကိုယ်တိုင်သွားရောက်ကူညီပေးမယ်လို့ Job for Kayah ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဗုံးခိုကျင်းဆောက်လုပ် ကူညီပေးဖို့အတွက် တနိုင်တပိုင်သာ အလှူရှင်တချိုနဲ့ လုပ်ဆောင်နေရပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အထောက်အပံ့လည်း မရရှိဘူးလို့ ဆိုပါတယ်။
အဆိုပါ အဖွဲ့က ဦးစီးပြီး စစ်ဘေးရှောင်စခန်း ၆ ခုလောက်နဲ့ စာသင်ကျောင်းတွေကို ဗုံးခိုကျင်းဆောက်လုပ်ပေးခဲ့ပြီးပြီဖြစ်ကာ လက်ရှိမှာလည်း ဗုံးခိုနည်း အသိပညာပေးမှုတွေ လုပ်ဆောင်နေသလို နောက်ထပ် နေရာအများကြီးအတွက် ကူညီဖို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူတွေရဲ့ စစ်ရှောင်စခန်းတွေအပေါ် တိုက်လေယာဉ်တွေ နိမ့်နိမ့်ကပ်ပျံတာ၊ ကျွမ်းထိုးပြတာတွေ လုပ်ဆောင်ပြီး လူထုကို အကြောက်တရားသွင်းတာတွေ လုပ်နေတဲ့အတွက် စစ်ရှောင်ကလေးငယ်တွေနဲ့ အမျိုးသမီးအများစုက စိတ်ဒဏ်ရာတွေရနေပြီး ရိုးရိုးလေယာဉ်သံ ကြားရင်တောင် ကြောက်လန့်ငိုယိုနေကြတယ်လို့ စစ်ဘေးရှောင်အတွက် ကူညီနေတဲ့ အဖွဲဝင်တယောက်က ပြောပါတယ်။
အာဏာသိမ်းပြီးချိန်ကစပြီး ၂ နှစ်ကျော်အတွင်း ကရင်နီပြည်နယ်မှာ လေကြောင်းကနေတိုက်ခိုက်မှုဟာ အခုနှစ်က ခပ်စိပ်စိပ်ဖြစ်လာပြီး ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ကလည်း ပေါင် ၅၀၀ လေးတဲ့ ဗုံးသီး ၂ လုံး လာချသွားတယ်လို့ သိရပါတယ်။