Home
မြန်မာသတင်း
မြန်မာပြည်က ဝယ်ခဲ့သည့် ဒေါ်လာ ၅၂ သန်းတန် ပတ္တမြား ၂ တုံး ထိုင်းရဲတပ်ဖွဲ့လက်ထဲ ပျောက်ဆုံးမှု ပြန်လည်ဖော်ထုတ်
DVB
·
March 17, 2023

လွန်ခဲ့တဲ့ ၂၉ နှစ်က ထိုင်းနိုင်ငံသား ၄ ဦးစပ်ပြီး မြန်မာပြည်ကနေ ဝယ်ယူခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅၂ သန်း ( ထိုင်းဘတ် သန်းပေါင်း ၁၃၀၀ ) တန် အဖိုးတန်ကျောက်မျက် ပတ္တမြားကြီး  ၂ တုံးဟာ ထိုင်းရဲမှူးနဲ့အပေါင်းပါတို့ရဲ ဇာတ်လမ်းဆင် သိမ်းယူမှုခံခဲ့ရပြီး ယနေ့တိုင်ပျောက်ဆုံးနေတဲ့ အမှုကိုပိုင်ရှင်ဖြစ်သူက သတင်းဌာနတွေ ထံတိုင်ကြားပြီး ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ 

အမှုမှန်ပေါ်ပေါက်ရေးအတွက် ပတ္တမြားပိုင်ရှင်က ရဲမှူးနဲ့အပေါင်းပါတစ်စုကို တရားစွဲဆို ခဲ့ပြီး တရားရုံးမှာအကြိမ်ကြိမ်ရင်ဆိုင်ခဲ့တဲ့နောက် နောက်ဆုံးဗဟိုတရားရုံးချုပ်က ပိုင်ရှင် ဘက်ကို အနိုင်ပေးကာ ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ပတ္တမြားတန်ဖိုး ဘတ် ၁၅၇ သန်းပြန်လျော်ပေးဖို့ စီရင်ဆုံးဖြတ်ချက်ချလိုက်ပေမယ့် ဒီကနေ့ထိလျော်ကြေးလုံးဝ မရ သေး တာကြောင့် သတင်းဌာနတွေ ကို တိုင်ကြားလိုက်တာပါ။

ဒီအမှုနဲ့ ပတ်သက်လို့ မတ်လ ၁၆ ရက်က ထိုင်းချနယ်လ် ၃ ရုပ်သံသတင်းဌာနမှာ ပတ္တမြားပိုင်ရှင်နဲ့ အင်တာဗျူးခန်းကို ထုတ်လွှင့်ခဲ့ပါတယ်။

နိုင်းဝီရချတ်ဆိုသူဟာ အလေးချိန် ၁၅ ကီလိုဂရမ် နဲ့ ၁၁ ကီလိုဂရမ်ခွဲရှိ ပတ္တမြားတုံးကြီး ၂ တုံးကို ဝယ်ယူလိုပေမယ့် ငွေမပြည့်တာကြောင့် မိမိဝမ်းကွဲညီအကိုနဲ့ မိတ်ဆွေ ၂ ဦး စုစုပေါင်း ၄ ဦးစပ်ဝယ်ခဲ့ပါတယ်၊  ဘယ်လောက်နဲ့ဝယ်ခဲ့သလဲဆိုတာတော့ မပြောပါဘူး။ 

ထိုင်းနိုင်ငံ ကျောက်မျက်ရတနာဌာနက  စစ်ဆေးပြီး ပတ္တမြားစစ်မှန်ကြောင်းထောက် ခံစာထုတ်ပေးခဲ့ပေမယ့် တန်ဖိုးကိုတော့ မဖြတ်ပေးပါဘူး။ သူတို့လည်း ပတ္တမြားတုံးကို ဘဏ်တိုက်မှာ အပ်နှံထားပါတယ်။ 

အစုရှယ်ယာ ၄ ဦးအနက် ၁ ဦးက နခွန်းဖနုံခရိုင် ရဲတပ်ဖွဲ့က ရဲမှူးနိယုံးကာလိုင်လနဲ့ သိကျွမ်းပါတယ်။ တနေ့မှာ ရဲမှူးနဲ့ အစုရှယ်ယာဝင်သူက သူတို့ပတ္တမြားကို အမေရိကန်နိုင်ငံရှိ စူလတန် သူဌေးက အမေရိကန်‌ဒေါ်လာ ၅၂ သန်းနဲ့ လာဝယ်မယ်လို့ပြောတာကြောင့်  အရောင်းအဝယ်စာချုပ်လုပ်ဖို့ ဘန်ကောက် ဧရာဝဏ်ဟိုတယ်မှာ ချိန်းဆိုလိုက်လို့ ဘဏ်မှာအပ်ထားတဲ့ ပတ္တမြားလည်း ထုတ်လာပါတယ်။

ဝယ်သူရောက်မလာခင်မှာဘဲ  ရဲမှူးနိယုံးပါတဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆ ဦးဟာ လက်နက်အပြည့်အစုံနဲ့ ရောက်လာပြီး အဆိုပါပတ္တမြားဟာ ခိုးရာပါပစ္စည်းဖြစ်ကြောင်း၊ ပိုင်ရှင်အစစ်အမှန်က ရဲစခန်းမှာ လာတိုင်ထားကြောင်း တိုင်ကြားစာ၊ ဖမ်းဝရမ်းတွေပြပြီး သူတို့ကိုလည်း ကြမ်းပြင်မှာ ဝမ်းလျားထောက်ခိုင်းကာ ကျောကိုခြေထောက်နဲ့ နင်းထားတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပတ္တမြားတုံးကြီးကို သိမ်းယူသွားပြီး  နခွန်းဖနုံရဲစခန်းမှာ လာရောက်ဖြေရှင်းဖို့ ပြောပါတယ်။  သူတို့ ၄ ဦး ရဲစခန်းကို လိုက်သွားတဲ့အခါမှာတော့ ရဲစခန်းက အဆိုပါပတ္တမြားကြီးကို သူ့ပိုင်ရှင်လက်ထဲပြန်အပ်ပေးခဲ့ပြီး ပိုင်ရှင်ကအမှုလည်း မလုပ်တော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါကြောင့်သူတို့က မကျေနပ်ဘဲ ရဲမှူးနဲ့တကွ ရဲတပ်ဖွဲ့ဝင်တွေကို တရားပြန်စွဲကာ အမှုအခင်းဖြစ်ခဲ့တာပါ။ အမှုရင်ဆိုင်ဆဲကာလမှာ အနောက်က အမြဲနောက်ယောင်ခံ အန္တရာယ်ပြုမယ့်အနေအထားတွေ တွေ့နေတာကြောင့် ထိုင်းမှာမနေရဲတော့ဘဲ အမေရိကန်ကို ပြောင်းသွားကြပြီးအမှုကိုတော့ ရှေ့နေလက်ထဲအပ်ခဲ့ပါတယ်။

သူတို့ဟာ ပတ္တမြားကြီးဆုံးရှုံးရတဲ့အပြင် ပတ္တမြားဝယ်ဖို့ယူခဲ့တဲ့ အကြွေးတွေလည်းပြန် ဆပ်နေရကြောင်း၊ နှစ်နဲ့ချီ တရားရင်ဆိုင်ခ၊ ရှေ့နေဖိုးတွေလည်း ကုန်ကျလို့ နေမကောင်းလို့ ဆေးဖိုးမတတ်နိုင်တဲ့ထိ ဆင်းရဲသွားရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ ဗဟိုတရားရုံးက သူတို့ဘက်က အမှုနိုင်ကြောင်း ရဲတပ်ဖွဲ့ဘက်ကနေ ဘတ်သန်းပေါင်း ၁၆၁ သန်း အလျော်ပေးဖို့ စီရင် ဆုံးဖြတ်လိုက်ပါတယ်။ 

ဒီအမှုမှာ တရားခံ ၆ ဦး ရှိပါတယ်။ ရဲမှူး နိယုံး ၊ အစုရှယ်ယာပါသူထဲက ၁ ဦး ၊ အရပ်သား ၁ ဦး ၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး နဲ့ ရဲတပ်ဖွဲ့ တို့ဖြစ်ပြီး အဆိုပါငွေကို အဓိကတရားခံ ရဲမှူး ၊ အစုရှယ်ယာ ၁ ဦး နဲ့ ရဲတပ်ဖွဲ့တို့က ပေါင်ပြီးဆပ်ရမှာဖြစ်ပေမယ့် ရဲမှူးမှာ ကွယ်လွန်သွားပြီဖြစ်သလို အစုရှယ်ယာ ၁ ဦးမှာနာတာရှည် လူမမာဖြစ်နေတာကြောင့် ကျန် ထိုင်းရဲတပ်ဖွဲ့၁ ဦးတည်း ပေးလျော်ဖို့ ဖြစ်နေပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဘတ်သန်းပေါင်း ၁၅၇ သန်းပဲ ပေးလျော်ဖို့ ဈေးဆစ်ခဲ့ပြီး ပိုင်ရှင်ကလည်း သဘောတူခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားကလည်း ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အလျော်ပေးဖို့ ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ဘက်က အဆိုပါငွေကို  ဘဏ္ဍာရေး ဝန်ကြီးဌာနထံတင်ပြထားတာမှာ စာရင်းအချက်မပြည့်စုံလို့ ပြင်ဆင်နေတယ်လို့ အကြောင်းအမျိုးမျိုးပြကာ ရွှေ့ဆိုင်းနေလို့ အခုလို သတင်းဌာနတွေထံ အကူအညီတောင်းရကြောင်း ကာယကံရှင်တွေက ပြောသွားပါတယ်။ 

အဆိုပါ ပတ္တမြားတုံးကြီး ၂ တုံးနဲ့ပတ်သက်ပြီး  တရားခံ ၆ ဦးက တဦးကိုတဉီးလွှဲချနေပြီး ခုထိဘယ်နေရာမှာရှိလဲဆိုတာ မသိရဘူးလို့ ပိုင်ရှင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒမ်းရုန်းဆဒ် ကစ်သီပဖတ်ကတော့ အမှုက နှစ်ပေါင်းများစွာကြာခဲ့ပြီမို့ ပြည်လည်စစ်ဆေးရဦးမယ်လို့ သတင်းထောက်တွေကို ဖြေကြားသွားပါတယ်။ 

ကိုးကား - matichon.co.th

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024