Home
မြန်မာသတင်း
ပြည်သူများ၏ တော်လှန်စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလပြော
DVB
·
March 14, 2023

အခုသီတင်းပတ်တွေအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ သံဃာတော်တွေ၊ ပြည်သူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပြီး ပြည်သူတွေရဲ့ တော်လှန်နေတဲ့ စိတ်ဓာတ်တွေကိုတော့ ချိုးနှိမ်နိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

“ပြည်သူတို့ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနှင့် ခံစားမှုများကို မိသားစုနှင့်ထပ်တူ ခံစားရပါတယ်။ ကျန်ရစ်သူ မိသားစုဝင်များရဲ့ ဆုံးရှုံးမှုဟာ ကျနော်တို့နိုင်ငံရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။ အသက်ပေးပြီး ကျဆုံးသွားသူများဟာ ကျနော်တို့ တော်လှန်ရေးနှင့် တိုင်းပြည်အတွက် သူရဲကောင်းများ ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ ပေးဆပ် အနစ်နာခံခဲ့မှုကို ကျနော်တို့အနေဖြင့် အမြဲသတိရ ဂုဏ်ပြုနေပါမယ်။ ခင်ဗျားတို့ရဲ့အသက်ကို အကြမ်းဖက် စစ်အုပ်စုတွေ ထုတ်ယူသွားပေမဲ့ ကျနော်တို့ပြည်သူတွေရဲ့ တော်လှန်တဲ့စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ပါဘူး။”

မတ် ၁၄ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ပြီး အောင်နိုင်မှုကို ရရှိမယ်လို့ မျှော်လင့်နေဟန်ရှိကြောင်း၊ အကြောက်တရားနဲ့ ပြည်သူတွေကို ဆက်လက်အုပ်ချုပ်လို့ မရတော့ကြောင်းနဲ့ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက် မနက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်မိုက်ကယ်ကို ခြေနဲ့လက်တွေ ဖြတ်တောက် သတ်ဖြတ်ခဲ့သလို ဗိုက်ထဲက ကလီစာတွေကိုလည်း ထုတ်ပြီး ကိုယ်ပေါ်တင်ထားတာကို တွေ့ခဲ့ရတာပါ။ အဲဒီနောက် အမျိုးသမီး ၃ ယောက်နဲ့ အသက် ၁၇ နှစ်အရွယ် ယောကျ်ားလေးတယောက် အပါအဝင် ဒေသခံ ၁၆ ယောက်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်သွားခဲ့ပါတယ်။

ဒီထဲက ၅ ယောက်ကို မြင်းမူမြို့နယ်၊ ညောင်ရင်းရွာနားမှာ သတ်ဖြတ်ထားခဲ့တာကို တွေ့ရပြီး အမျိုးသမီး ၃ ယောက် အပါအဝင် ၉ ယောက်ကိုတော့ ညောင်ရင်းရွာမှာ သတ်ဖြတ်ထားတာကို တွေ့ခဲ့ရပါတယ်။

တာတိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေက PFD အယောင်ဆောင်ပြီး ဝင်ရောက်လာတဲ့အတွက် မထွက်ပြေးနိုင်ဘဲ ရွာသူရွာသား ၇၀ ကျော် ဖမ်းဆီးခံလိုက်ရပြီး ၁၇ ဦး သတ်ဖြတ်ခံခဲ့ရတာပါ။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာလည်း အကြမ်းဖက်စစ်တပ်က ဘုန်းကြီး ၃ ပါးနဲ့ လူအယောက် ၃၀ လောက်ကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ကရင်နီပြည်ထဲကို ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တို့ကနေ စစ်ကြောင်း ၁၂ ခုနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာနေတာကြောင့် ပင်လောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၃ ပတ်လောက်အတွင်း တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

မတ် ၁၁ ရက် နေ့လယ်ပိုင်းမှာတော့ ပအိုဝ်းစစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်မှာတော့ တိုက်လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး စစ်တပ်က ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီး ၃ ပါးနဲ့ ရွာသားအယောက် ၃၀ ကို ခိုအောင်းနေရာက ထွက်စေပြီး ကျောင်းနံရံနားမှာပဲ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “နိုင်ငံတကာနှင့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများ အနေဖြင့်လည်း အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်အုပ်စုရဲ့ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်နေမှုများကို ရပ်တန့်နိုင်ဖို့ ထိရောက်စွာ ကူညီပေးဖို့ ထပ်မံတောင်းဆိုလိုပါသည်။ စစ်အုပ်စုရဲ့ အဓိက ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ဖို့နှင့် ပြည်သူလူထုကို ရက်စက်စွာ သတ်ဖြတ်နေသည့် လက်နက်ခဲယမ်းများ တင်သွင်းမှုကို ရပ်တန့်ပိတ်ဆို့ဖို့နှင့် လေကြောင်းဖြင့် နေရာစုံ ဗုံးကြဲသတ်ဖြတ်နေမှုများကို တားဆီးနိုင်ရန် လေယာဥ်နှင့် လေယာဥ်ဆီ တင်သွင်းမှုများကို အမြန်ဆုံး ပိတ်ဆို့တားဆီးပေးနိုင်ဖို့ တောင်းဆိုလိုပါတယ်။ ကျနော်တို့ အစိုးရ ကက်ဘိနက်အဖွဲ့ဝင်များ အနေဖြင့်လည်း လက်ရှိသွားနေတဲ့ အရှိန်ထက် မလျှော့ဘဲ ဆက်လက်အားတင်းကာ တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024