ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူးခီးယားမြို့ရှိ ဘာလုခါလီ ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် ထွက်ပြေးပျောက်ဆုံးနေတဲ့ ကလေးငယ် ၁၀၀ ကျော်မှာ အယောက် ၈၀ လောက် ပြန်လည်ရှာတွေ့ခဲ့ပေမဲ့ ကလေးငယ် ၂၀ ခန့် ရှာမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေထံက သိရပါတယ်။
“မီးလောင်တဲ့နေ့က ကလေး ၁၀၀ ကျော် ပျောက်နေတာ။ ညနေပိုင်းမှာ ၈၀ ကျော်ကို ပြန်ရှာတွေ့တယ်။ ဒီနေ့အထိ ကလေး ၂၀ လောက် ရှာမတွေ့ကြသေးဘူး။”
ဘာလုခါလီ ဒုက္ခသည်စခန်းမှာ မတ်လ ၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒုက္ခသည် စခန်းတွင်းရှိ လူနေအိမ် ၃,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့ကာ လူပေါင်း ၁၆,၀၀၀ ခန့်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ UNHCR Bangladesh က မတ်လ ၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ရိုဟင်ဂျာစခန်းတွေမှာ ရှို့မီး အကြိမ် ၆၀ အပါအဝင် မီးလောင်မှု ၂၂၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုတွေကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး လူပေါင်း ၅၀,၀၀၀ လောက် နေရာပြောင်းရွှေ့ပေးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။