စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့ပေါ်နဲ့ ကျေးရွာက ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးကူညီသူတွေဆိုပြီး လိုက်လံဖမ်းဆီးနေတာ လူဦးရေ ၂၀ ကျော်ရှိလာပြီလို့ အင်းတော်မြို့ပေါ်က ဒေသခံတွေကနေ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူတွေဟာ မတ် ၂ ရက်နေ့ အင်းတော်မြို့ပေါ်က လမ်းဆုံမှာ မိုင်းထောင်ရင်း မိုင်းမတော်ဆမှု ဖြစ်ပွားခဲ့တဲ့နောက်ပိုင်းကနေ ဖမ်းဆီးခံရတဲ့သူတွေ များလာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဖမ်းခံရတဲ့သူတွေ ၂၀ ကျော်လောက်ရှိလာပြီး၊ ဖမ်းခံရပြီး ပြန်လွတ်လာတဲ့သူတွေလည်း ရှိတယ်။ နောက်ပြီး အားလုံးက လမ်းဆုံမှာ မိုင်းမတော်တဆဖြစ်တဲ့ နောက်ပိုင်းကနေ ဖမ်းဆီးတာတွေ များလာတယ်၊ မတ် ၄ ရက်၊ ၅ ရက်ကနေ ဆက်တိုက်ဖမ်းနေတယ်။”
ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက် အတိအကျ သိရဖို့ ခက်ခဲ့ပေမဲ့လည်း မတ် ၈ ရက်နေ့ အထိဆိုရင် ဖမ်းဆီးခံရတဲ့ ပြည်သူ ၂၀ နဲ့ အထက်ရှိနေပြီး ပြန်လည် လွတ်မြောက်လာတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပြည်သူအများအပြား ဖမ်းဆီးခံရတာဟာ အင်းတော်မြို့ပေါ် လမ်းဆုံမိုင်းမတော်တဆမှု ဖြစ်တဲ့နေ့က အခြေအနေကို လာရောက်ကြည့်ရှု့တဲ့ မြို့ပြပျောက်ကျား တပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံရမှုကနေ နောက်ကြောင်းလိုက် ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးကနေ သိရပါတယ်။
“လမ်းဆုံမှာ မိုင်းမတော်တဆမှုဖြစ်တော့ ရဲဘော်နှစ်ယောက်လုံး အသက်ဆုံးရှုံးခဲ့ရတယ်၊ အဲတာကို အခြေအနေ သွားကြည့်တဲ့ လူငယ်နှစ်ဦးမှာ တဦးက အဖမ်းခံလိုက်ရတော့ သူနဲ့ နီးစပ်တဲ့သူတွေ၊ သိတဲ့သူတွေ၊ ဖုန်းထဲမှာရှိတဲ့သူတွေကို ဆက်စပ်ပြီး လိုက်ဖမ်းနေတာဖြစ်မယ်။ ဖမ်းခံရတဲ့သူတွေက မြို့ပေါ်ကကော၊ မြို့နဲ့နီးတဲ့ ကျေးရွာတွေဘက်က ပြည်သူတွေ ပါတယ်၊ ဖမ်းခံရတဲ့သူတွေက PDF တွေတော့ မဟုတ်ဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူ ၂၀ ကျော်မှာ အမျိုးသားအများစုဖြစ်ပြီး အမျိုးသမီး ၃ ယောက်နဲ့ အထက်ပါဝင်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူအများစုဟာ အင်းတော်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး လမ်းဆုံးမိုင်းပေါက်ကွဲမှုကို လာရောက်ကြည့်ရှုတဲ့ အချိန်ဖမ်းခံရတဲ့ လူငယ်ကတော့ မြို့အဝင်စစ်တပ်ကုန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အင်းတော်မြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်ဖြစ်ပါတယ်။