Home
မြန်မာသတင်း
ထိုင်းတွင် ၁၂ နှစ်အရွယ် မြန်မာမိန်းကလေးငယ် အဓမ္မပြုကျင့်ခံရ၊ တရားခံ လာအိုအမျိုးသား ကိုယ့်ကိုယ်ကိုယ် သတ်သေ
DVB
·
March 8, 2023

ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်၊ ဘန့်စောင်ထုံးဒေသမှာ မတ်လ ၆ ရက် ညနေပိုင်းက  မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ သူတို့နဲ့နီးစပ်တဲ့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတဦးက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်ဟာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ လက်ရှိ ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။ ကျူးလွန်သူအမျိုးသားဟာ လာအိုနိုင်ငံသားဖြစ်ပြီး ကျူးလွန်ခဲ့ပြီးနောက် ညပိုင်းမှာ သူနေထိုင်တဲ့ အခန်းအတွင်း ဆွဲကြိုးချ သတ်သေသွားပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတဦးက “အဓမ္မမှု ကျူးလွန်ခံရတဲ့ ကလေးလေးက အခုမှ ၁၂ နှစ်ပဲ ရှိသေးတယ်။ ကျူးလွန်သူက အသက် ၄၈ နှစ်၊ လာအိုနိုင်ငံသား၊ ကျူးလွန်သူက အရင် မုဒိမ်းမှု ၂ ခုအတွက် ဝရမ်းထုတ်ခံထားရတဲ့သူလို့ ပြောတယ်” လို့ ပြောပါတယ်။

အဲဒီ သေဆုံးသူအမျိုးသားကို ထိုင်းအမျိုးသမီးတယောက်က သူနေထိုင်တဲ့အခန်းတွင်းမှာ ဆွဲကြိုးချသတ်သေတဲ့ပုံစံနဲ့ တွေ့ရှိခဲ့တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့လို့ ထိုင်းရဲတပ်ဖွဲ့က လာရောက်စစ်ဆေးခဲ့ပါတယ်။

ကျူးလွန်သူဟာ အရင်ကလည်း  မုဒိမ်းမှု ၂ ခုနဲ့ ဝရမ်းထုတ်ခံထားရတဲ့သူဖြစ်ကာ အဖမ်းခံရမှာကြောက်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ ကျူးလွန်ခံရတဲ့ ကလေးငယ်ရဲ့ မိဘတွေက ထိုင်း ဘန်စူရဲစခန်းမှာ တိုင်ကြားထားပြီး ရဲတပ်ဖွဲ့ကလည်း သက်သေအထောက်အထားတွေကို စုစည်းထားကာ ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024