Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ဒေသခံ ၁,၀၀၀ ကျော် တိမ်းရှောင်နေရ
DVB
·
March 7, 2023

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေရဲ့ ဘေးရန်ကြောင့် မတ်လ ၅ ရက်ကစပြီး ဒေသခံ ၁,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေထံကနေ သိရပါတယ်။

တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ အောက်ကျောက်ဝပ်ကျေးရွာ၊ ကျောက်ဝပ်ပြင်ကျေးရွာ၊ ညောပြင်ကျေးရွာ၊ ကျောက်မတ္တပ်ကျေးရွာနဲ့ ဇလွတ်ကျေးရွာတွေက ဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို စိုးရိမ်လို့ ရှောင်တိမ်းနေကြတာလို့ ဆိုပါတယ်။

အဲ​ဒီကျေးရွာတွေဟာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ခန့် စခန်းချနေထိုင်တဲ့ ကပ္ပလီပင်လယ်နဲ့ကပ်လျက် ကျောက်နီမော်ကျေးရွာရဲ့ အနီးတဝိုက်ကရွာတွေ ဖြစ်ကြပြီး ကျောက်နီမော်ကျေးရွာကိုတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ရေလမ်းကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ နီးပါး ထပ်မံရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကတော့ “အခုလောလောဆယ် အဲ့ရွာတွေမှာက တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ စစ်တပ်က ကျောက်နီမော်ကနေ လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်တာ။ နောက်ပြီး ရွာထဲထပ်လာပြီး မွှေမှာကိုလည်း ရွာခံတွေက စိုးရိမ်ကြတယ်။ ဒါကြောင့် ကြိုပြီးရှောင်နေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှောင်တိမ်းနေကြသူတချို့ဟာ တခြားရွာတွေက ဆွေမျိုးတွေရဲ့နေအိမ်မှာ သွားရောက် နေထိုင်ကြတာရှိသလို တချို့ကတော့ ဥယျာဥ်ခြံတွေထဲ ရှောင်တိမ်းနေကြရပြီး ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာမှာ ကိုလည်း စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်က ဆက်ကြေးကောက်ရာကနေ ပြန်လာတဲ့ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးခဲ့ပြီး ကား ၂ စီးနဲ့ စစ်ကူလိုက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အောက်ကျောက်ဝပ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီနောက်မှာတော့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၅၀ လောက်ဟာ မတ်လ ၄ ရက် မနက်ပိုင်းမှာ အောက်ကျောက်ဝပ်ကျေးရွာကို ရောက်ရှိလာခဲ့ပြီး အမျိုးသား ၅ ဦးကို ဖမ်းဆီးပစ်သတ်ခဲ့တဲ့အပြင် နေအိမ် ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ရွာထဲက နေအိမ် ၅၀ လောက်ကိုလည်း ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ရှာဖွေယူဆောင်သွားကြတယ်လို့ ရွာခံတဦးက ပြောပါတယ်။

ကျောက်နီမော်ကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်ကလည်း ညောပြင်ကျေးရွာက ရွာခံတချို့ကို PDF တွေနဲ့ ဆက်နွှယ်မှု ရှိမရှိ ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ပြီး အမျိုးသား ၂ ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ညောပြင်ကျေးရွာနဲ့ ဇလွတ်ကျေးရွာတွေမှာ ၃ ကြိမ်ထက်မနည်း ဓားပြတိုက်ခဲ့ပြီး ညောပြင်ရွာထဲကို ဝင်ရောက်မွှေနှောက်ချိန်တုန်းကလည်း ဆိုင်ကယ် ၉ စီးနဲ့ ပိုက်ဆံတချို့ ယူသွားကြတယ်လို့ ညောပြင်ရွာခံတဦးက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ရှောင်တိမ်းနေရဆဲဖြစ်တဲ့ စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ နီးပါးရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024