Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ကျေးရွာ ၆ ရွာနေ ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်
DVB
·
March 7, 2023

ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံ ပြည်သူ ၃၀၀၀ ကျော်လောက် အသက်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ် ၃ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ရပြီး နေအိမ် ၂ လုံးထိခိုက်ပျက်စီးကာ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျီးပင်စုကျေးရွာ၊ လိန်ပင်ဝဲ ကျေးရွာ၊ သစ်ဖရောင်းတန်းကျေးရွာ၊ ဝဲမှူးကျေးရွာ၊ ကျည်စုကျေးရွာနဲ့ အလယ်ကျွန်း ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာကို ရွာလုံးကျွတ် ထွက်ပြေး အနီးအနားက ဘေးလွတ်ရာနေရာတွေ၊ ကျေးရွာတွေ၊ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံ နေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေပြီး ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခိုလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေပြီး တဆက်တည်းမှာပဲ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အနှံ့အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေပိုမို တင်းကျပ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေဆီကို ရောက်ရှိအကူအညီပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနီးပါး လူဦးရေ ၁၇ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ UNOCHA က ပြောပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမ ၂ လတာအတွင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၅၄,၀၀၀ လောက် ရှိခဲ့ပြီး တောတောင်တွေထဲမှာ နေထိုင်နေကြရကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ရေတွက် ရင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၁ ဒသမ ၃ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရ သူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024