မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ညောင်လှဆိပ်ကမ်းမှာ ရေဆင်းချိုးတဲ့ ကလေးလူငယ် ၉ ဦး မတ် ၆ ရက် ညနေပိုင်းက ရေနစ်ရာမှ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ၅ ဦးကို ကယ်ဆယ်ခဲ့နိုင်ပြီး ပျောက်ဆုံး ၄ ဦးထဲက ၁ ဦးအလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ နယ်ခံပရဟိတအသင်းကနေ သိရပါတယ်။
ရွှေကြာဖြူပရဟိတအဖွဲ့ဝင်တဦးက “မနေ့တည်းက ရှာနေကြတာ၊ အခု ကလေးတယောက် သေဆုံးအလောင်း ပြန်တွေ့ပါတယ်၊ သုံးဦးကို ဆက်ရှာနေတယ်။ နစ်တဲ့နေရာ အောက်ဘက်မှာ ပြန်တွေ့တာပါ။ ညကလည်း ၁၂ ကျော်လောက်ထိ အသက်ရှင်လျက် ပြန်များတွေ့မလားဆိုပြီး ရှာခဲ့ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဖွဲ့လိုက် ရေဆင်းချိုးရာက ရေနစ်ခဲ့တာဖြစ်ပြီး အနီးပတ်ဝန်းကျင်က ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ပျောက်ဆုံးနေတဲ့ ၄ ဦးကို နယ်ခံပရဟိတအသင်းတွေနဲ့ မကွေးမြို့က ကယ်ဆယ်ရေးအသင်းတွေ၊ မြို့ခံမီးသတ်တပ်ဖွဲ့ဝင်တွေ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဘေးမဲ့ရပ်ကွက်မှ ရေနစ်ပျောက်ဆုံးနေသူ သက်ထားစံ (၁၅ နှစ်)၊ နိုင်နိုင်အောင် (၁၃ နှစ်)၊ ရှိန်ကြီး (၆ နှစ်)၊ ထိန်လင်းဖြိုး (၅ နှစ်) တို့ဖြစ်ပြီး မောင်ထိန်လင်းဖြိုး ရုပ်အလောင်းကိုတော့ ဒီနေ့ နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။