Home
မြန်မာသတင်း
ရန်ကုန်တွင် အိမ်ခြံမြေအရောင်းပြပွဲပြန်လည်ကျင်းပသော်လည်း အရောင်းအဝယ်နည်းပါး
DVB
·
March 6, 2023

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ အိမ်ခြံမြေ အရောင်းပြပွဲကို တကျော့ပြန် ပြုလုပ်လာပေမဲ့ အရောင်းအဝယ်ထက် လာရောက်လေ့လာတဲ့သူကသာ များပါတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ Inya Lake ဟိုတယ်မှာ အိမ်ခြံမြေအရောင်းပွဲကို မတ်လ ၃ ရက်က ပြုလုပ်ခဲ့တာပါ။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျင်းပတဲ့ အိမ်ခြံမြေ အရောင်းပြပွဲဟာ အရင် ပုံမှန် အခြေအနေမှာ ကြုံတွေရတဲ့ အနေအထားမျိုးနဲ့ တခြားစီပဲတွေ့ရတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

အိမ်ခြံမြေအရောင်းကိုယ်စားလှယ်လုပ်ငန်းရှင်တဦးက “အိမ်ခြံမြေအရောင်းပြပွဲကို လူတွေ သွားတော့ သွားကြတယ်။ သွားတယ်ဆိုတာ သွားပြီး လေ့လာကြတာက ပိုများပါတယ်။ ပြီးတော့ အခု အခြေအနေမှာ ဝယ်ဖို့ ဆိုတာ လူတော်တော် များများက စဉ်းစားချင့်ချိန် နေကြရတာလေ။ ဒါကြောင့်ပဲ အရင်ပုံမှန် အခြေအနေမျိုးမှာဆိုရင် ကျနော်တို့ကိုယ်တိုင် သွားပြီးတော့ အရောင်းပြခန်း ဖွင့် promote လုပ်တာ။ အခုတော့ မဖွင့် ဖြစ်ဘူး။ မဖွင့် ဖြစ်ရတဲ့ အရောင်းရင်းက သိပ်ပြီး ထိရောက်မှု ရှိမယ် မထင်လို့လေ။ ယခင် ပုံမှန် အခြေအနေမျိုးမှာဆိုရင် ဒီလို အရောင်းပြပွဲတွေ လုပ်ရင် ဝယ်သူတွေကို တနေ့လုံး ရှင်းပြရလို့ ဝန်ထမ်းတွေတောင် မနားရဘူး။ အရောင်းအဝယ်အတွက် တခါတည်း စရန်ပေးပြီး စာချုပ်ပါ ချုပ်ကြတာ။ အခု အခြေအနေကတော့ လူတိုင်းပဲ စီးပွားရေးက သိပ်မကောင်းတော့ အမှန်တကယ်လိုအပ်တဲ့ သူတောင် ဝယ်ဖို့အတွက်က တော်တော်လေး စဉ်းစားချင့်ချိန်နေရတာ မဟုတ်လား” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ ပုဂ္ဂိလိကဘဏ်တွေက အိမ်ရာချေးငွေ(Home Loan)စနစ်နဲ့ ဝန်ဆောင်မှုပေးပြီး ကွန်ဒိုနဲ့ တိုက်ခန်းတွေကို ရောင်းချလာပေမဲ့ အဝယ်က ထင်သလောက် ပါမလာတာ ရှိနေပါတယ်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်ကြီးတဦးက “ဘဏ်တွေဘက်က အခုဆိုရင် ငွေတွေ ထွက်လာ ကြတယ်နော်။ သူ့နည်းသူ့ဟန်နဲ့ ငွေတွေ အပြင်ထွက်လာကြတာလေ။ အပြိုင်အဆိုင်ပဲ အိမ်ရာအတွက် ချေးငွေတွေ ထုတ်ပေးလာတယ်။ ပြီးတော့ ဈေးကွက် မြှင်တင်ရေးကိုလည်း အပြိုင်အဆိုင် လုပ်လာကြတာ တွေ့ရတယ်။ ဆိုလိုတာက တဘဏ်နဲ့တဘဏ် ဝန်ဆောင်မှုပိုင်းမှာ ပြိုင်ဆိုင်လာတဲ့ သဘောပေါ့။ ဒါပေမဲ့ ဘဏ်တွေဘက်က အဲ့ဒီလို ဆွဲဆောင်ပြီး လုပ်လာကြပေမဲ့ ယူမယ့် သူက နည်းနေတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအခြေအနေမှာ ခိုင်ခိုင်မာမာ ရှိပြီးတော့ ယူနိုင်တဲ့သူက နည်းတယ်လေ။ ဒါကြောင့် ရောင်းအားက ဘယ်လောက်ပဲ ဆွဲတင်တင် ပါမလာဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့က အိမ်ခြံမြေ အငှားဈေးကွက်ကလည်း အိမ်ရှင်နဲ့ အိမ်ငှားအကြားမှာ သံသယပေါင်းများစွာနဲ့ လုပ်ကိုင်နေရတာဖြစ်လို့ အငှားဈေးကွက်က အရင်လိုမသွက်ဘူးလို့ အကျိုးဆောင်တွေက ဆိုပါတယ်။

“အငှားဈေးကွက်က လူနေဖို့အတွက်ကို အကြောင်းအမျိုးမျိုးကြောင့် လူကို တော်တော်လေး စိစစ်ရတာမျိုးတွေ ရှိလာရတယ်။ ငှားတဲ့သူကလည်း လုံခြုံရေးကောင်းတဲ့ နေရာဖြစ်ဖို့၊ တခါ အိမ်ရှင်ကလည်း ငှားတဲ့သူက ဘယ်သူနေမှာလဲ။ ဒါမျိုးပေါ့နော်။ လုပ်ငန်းနဲ့ပတ်သတ်ပြီး အငှားဈေးကွက်ကလည်း အရင်လို မသုံးနိုင်ဘူးလေ။ အရင်က သိန်း ၁၀၀ လောက်သုံးတဲ့ နေရာမှာ သိန်း ၅၀ လောက်တန် ပြောင်းပြီး ဝိတ်လျှော့ကြတာလည်း ရှိတယ်။ ဒီတော့ အငှားဈေးကွက်က သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံနဲ့ လုံးချာလိုက်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့  စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်က စတင်ရောင်းချခဲ့ရာမှာတော့ 3-Bedroom အခန်းပေါင်း ၃၆၀ ကို နာရီဝက်အတွင်း ရောင်းကုန်ခဲ့သလို အခန်း ၇၇၀ ရှိတဲ့ 1-Bedroom အခန်း (၁၀၀)ကိုလည်း ရောင်းကုန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024