မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၃ မြို့မှာ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မြင့်တက်လာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြည်သူတွေကို သတိပေးထားပါတယ်။
၂၀၂၃ ခုနှစ်၊ နွေကာလ အယ်နီညို ဖြစ်တန်စွမ်းခန့်မှန်းချက်တွေအရ စစ်ကိုင်းတိုင်း မုံရွာမြို့၊ မန္တလေးတိုင်း၊ မန္တလေးမြို့၊ မိတ္ထီလာမြို့၊ နေပြည်တော်၊ ပျဉ်းမနား၊ ပုဂံမြို့ဟောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ တောင်ငူမြို့၊ ဖြူးမြို့၊ ပြည်မြို့၊ မကွေးတိုင်း၊ မကွေးမြို့၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ရန်ကုန်မြို့ စတဲ့ မြို့တွေမှာ နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါသည်တွေအနေနဲ့ နေ့အပူချိန် မြင့်တက်ချိန်တွေမှာ ခရမ်းလွန်ရောင်ခြည် တိုက်ရိုက် ထိတွေ့မှုတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် အရိပ်အာဝါသ ကောင်းမွန်တဲ့ နေရာတွေမှာ နေထိုင်ကြဖို့နဲ့ အပူချိန်မြင့်တက်တာနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို သတိပြုနိုင်ဖို့ ထုတ်ပြန်လိုက်တာပါ။
NUG အစိုးရ ထုတ်ပြန်ထားတဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေထဲမှာတော့ ရေများများသောက်ဖို့၊ နေပူထဲက ပြန်လာပြီး ချက်ချင်းရေမချိုးဖို့၊ အရောင်ဖျော့တဲ့ ပွပွချောင်ချောင် ချည်ထည်တွေကို ဝတ်ဆင်ကြဖို့စတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။