မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာသူတွေရှိသလို စစ်ကောင်စီတပ်သားတယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၉ တပ်ရင်း၊ တပ်ခွဲ-၃ ဆိပ်ဖြူPDF (ဗိုလ်မထားအဖွဲ့) ကနေ သိရပါတယ်။
ဆိပ်ဖြူမြို့နယ်ဘက်ကနေ အင်အား ၈၅ ယောက်လောက်နဲ့ ပခုက္ကူမြို့နယ် စညောင်းရွာဘက်ကို ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SP-PDF ခေါင်းဆောင် ဗိုလ်မထားက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသူ များပြားပြီး ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီတပ်သားတယောက်ကို အရှင်ဖမ်းမိထားပြီး စစ်သုံ့ပန်းဥပဒေနဲ့ အရေယူနိုင်အောင် စီစဥ်ထားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ စညောင်းရွာမှာ ညအိပ်စခန်းချပြီး ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီ ကနေ ၂ နာရီ ၄၅ မိနစ်လောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ ဗိုလ်မထားက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို MC-KC DF၊ ပခုက္ကူခရိုင် တပ်ရင်း-၄၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃ ဆိပ်ဖြူမြောက်ပိုင်း-PDF၊ ပခုက္ကူခရိုင် အမှတ်-၁၃ တပ်ရင်း PPDF၊ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့၊ Dog Hunter HAV Force၊ မကွေးတိုင်းဒေသကြီး ဒရုန်းဇုန်-၂၊ တပ်ရင်း-၁၊ တပ်ခွဲ-၄ တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ အထိနာသွားပြီး ဒဏ်ရာရရှိတဲ့လူနာတွေကို တန့်ကြည့်တောင် တောင်ကြားမှာ ဆေးဝါးကုသတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက သတင်းပေးပို့ကြောင်း ပြောပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျင်းအရှေ့ ပုံတောင်နတ်ထိပ်မှာ ဖေဖော်ဝါရီ ၂၆ ရက်က ကပစ၂၄ ဂိတ်စောင့်တပ်မှ လှည့်ကင်းအဖွဲ့နဲ့ ဂန့်ဂေါခရိုင် တပ်ရင်းတို့ ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ထီးလင်း PDF က ပြောပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ရပြီး MA 11 တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တခုတို့ကို သိမ်းဆည်းရရှိခဲ့ကာ ထီးလင်း PDF ဘက်က အထိခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီကထီးလင်းမြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ထားတာလည်း တနှစ်ကျော်ကြာမြင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေက စစ်ကောင်စီတပ်နဲ့ ပေါက်တော်လှန်ရေး တပ်ဦး (PRF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၆ နာရီလောက်မှာ ကျားပစ်ကန်၊ တောင်မြင့်နဲ့ ခွေးအတွင်းရွာ ၃ ရွာကြားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်က အနီးကပ်တိုက်ခိုက်ခဲ့တာလို့ PRF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပီကေက ပြောပါတယ်။
အဲဒီနောက် နှစ်ဘက်အပြန်အလှန် တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၃ ယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေ အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။