ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေတောင်စားသောက်ဆိုင်ဟာ တော်လှန်ရေး ယူဂျီလူငယ်တဦးကို ဝိုင်းဝန်းဖမ်းဆီး ရိုက်နှက်သတ်ဖြတ်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပြီးနောက် အများပြည်သူရဲ့ ဝေဖန်ခံနေရတာကြောင့် ပိတ်ထားခဲ့ရတာ တလကျော်ခဲ့ပြီး အခုအချိန်ထိ ပိတ်ထားရဆဲဖြစ်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်က အဲဒီစားသောက်ဆိုင်နဲ့ကပ်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြ တော်လှန်ရေးလူငယ်နှစ်ဦးက လက်လုပ်ဗုံးပစ်ခဲ့လို့ စားသောက်ဆိုင်ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးခဲ့ရာ တော်လှန်ရေးလူငယ်တဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီလို လိုက်လံဖမ်းဆီးပြီး ရိုက်နှက်ခံရမှုကြောင့် တော်လှန်ရေးလူငယ်တဦး သေဆုံးရမှုအပေါ် ပြည်သူအများက ဒေါသထွက် ပြောဆိုတာတွေ ရှိခဲ့ပြီးနောက် ဆိုင်ကို ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။
ငွေတောင်ဆိုင်အနီး နေထိုင်သူတဦးက “အဲဒီဆိုင်က ဖွင့်လည်း မဖွင့်ရဲလောက်တော့ဘူး။ အပြင်ကသူတွေမှမဟုတ်ဘူး၊ ဒီပတ်ဝန်းကျင်ကသူတွေကိုယ်တိုင်က သူတို့ကို ဒေါက်ထောက်ကြည့်နေတာ။ ဖွင့်တာနဲ့ အတွယ်ခံရဖို့ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ငွေတောင်စားသောက်ဆိုင်ကို ပိတ်ထားပေမဲ့ ဆိုင်အတွင်း ပြုပြင်မှုပုံစံမျိုးတွေ တံခါးပိတ်လုပ်နေတာ တွေ့ရတယ်လို့ အနီးပတ်ဝန်းကျင်ကနေ သိရပါတယ်။
ဒါ့အပြင် ငွေတောင်ဆိုင်ပိုင်ရှင်ဆိုသူ နေတဲ့အိမ်လို့ သတင်းကြီးနေတဲ့ တောင်ဥက္ကလာပဘုရား မီးပွိုင့်မရောက်ခင်က နှစ်ထပ်အိမ်ဟာလည်း အခင်းဖြစ်ပြီးကတည်းက ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ငွေတောင်စားသောက်ဆိုင်ဟာ စစ်တပ်အရာရှိတဦးရဲ့ မိသားစုက ဖွင့်လှစ်ထားတာဖြစ်ပြီး အာဏာသိမ်းကာလ အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေကို ခေါ်ယူကျွေးမွေးခဲ့တာနဲ့ ပတ်သက်လို့ သတင်းကြီးနေတာ ဖြစ်ပါတယ်။