Home
မြန်မာသတင်း
စစ်ကောင်စီကန့်သတ်ချက်ကြောင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနေသည့် ဆန်ကုန်သည်များ နစ်နာ
DVB
·
February 27, 2023

စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်ကြောင့် နယ်စပ်လမ်းကြောင်းကတဆင့် တရုတ်ပြည်ဈေးကွက်ဆီ တင်ပို့ နေတဲ့ ဆန်ကုန်သည်တွေဟာ ဆန် တအိတ် ရောင်းချလိုက်တိုင်း မြန်မာငွေ ၁၁,၀၀၀ ကျပ် ဆုံးရှုံးရတော့မယ်လို့ ကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတဆင့် တဖက်နိုင်ငံသို့ ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေ တင်ပို့ရောင်းချရာက ရရှိတဲ့ ပို့ကုန်ရဝင်ငွေ(နိုင်ငံခြားသုံးငွေ)ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ မြန်မာကျပ်ငွေ လဲလှယ်ခြင်း မပြုစေဘဲ ပို့ကုန်တင်ပို့သူတွေကို ရာနှုန်းပြည့် ထုတ်ယူ အသုံးပြုခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကစပြီး  ခွင့်ပြုပေးထားတဲ့ ကင်းလွတ်ခွင့်ကို ကန့်သတ်လိုက်တဲ့အကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။
အဆိုပါ သတ်မှတ်ချက်အရ ပို့ကုန်တင်ပို့မှု ဆောင်ရွက်ရာမှာ ကုန်စည်အလိုက် မျှတမှု ရှိစေရေးနဲ့ ပြည်ပသို့ တင်ပို့တဲ့ အဓိက ပို့ကုန်ပစ္စည်းတွေအပေါ် တပြေးညီ ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှတဆင့် တဖက် နိုင်ငံသို့ ဆန် နဲ့ ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှ ရရှိတဲ့ နိုင်ငံခြားသုံးငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်နေ့မှစပြီး ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမယ် လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်တဲ့ ကန့်သတ်ချက်ကြောင့် နယ်စပ်လမ်းကြောင်းကတဆင့် ဆန်တင်ပို့ ရောင်းချနေတဲ့ ကုန်သည်တွေ အားလုံး ဆန် တအိတ် ရောင်းချလိုက်တိုင်း မြန်မာငွေ ၁၁,၀၀၀ ကျပ် ဆုံးရှုံးမှုနဲ့ ကြုံတွေ့ ရတော့မယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မူဆယ်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တဦးက “မတ်လ ၁ ရက်နေ့ကစပြီးတော့ ပြည်ပပို့ကုန်ရငွေထဲက တန်ဖိုး ၆၅ ရာခိုင်နှုန်း ကို ဗဟိုဘဏ်သတ်မှတ်တဲ့ဈေးနှုန်းနဲ့ လဲလှယ် ရမယ်။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနှုန်းနဲ့ လဲလှယ် နိုင်တယ်ပေါ့။ ဒါပေမဲ့ ကုန်သည်တွေအဖို့ ဘာနစ်နာစေလဲ ဆိုတော့ အခုအခြေအနေမှာ ဆန်တအိတ် ရောင်းလို့ရှိရင် တရုတ်ငွေ ယွမ် ၁၀၀ ရတယ်။ အဲ့ဒီ့ တရုတ်ငွေ ယွမ် ၁၀၀ ကို ဒီကနေ့ ပြင်ပပေါက်ဈေးက ၁ ယွမ် ကို ၄၂၆ ကျပ် နှုန်းနဲ့ အပြည့် လဲလှယ်လို့ ရသေးတယ်။ ဒါပေမဲ့ မတ်လ ၁ ရက်နေ့ ကစပြီး အန်ကယ်လ်တို့က တရုတ်နိုင်ငံဆီ ဆန်ရောင်းလိုက်တဲ့အခါမှာ ယွမ် ၁၀၀ ရရင် ၆၅ ယွမ် ကို ဗဟိုဘဏ်သတ်မှတ် ဈေး ၃၀၂ ကျပ်နဲ့ လဲလှယ်ပေးရမယ်။ ကျန်တဲ့ ၃၅ ယွမ် ကိုတော့ ၄၂၆ ကျပ်နဲ့ လဲလှယ်ခွင့်ရမယ်။ ဒီ့တော့ အတိုချုပ်ပြောရရင် ဘာတွေ နစ်နာစေလဲဆိုရင် ဆန်တအိတ် ရောင်းတိုင်း၊ရောင်းတိုင်း ကုန်သည်ဖက်က မြန်မာငွေ ၁၁,၀၀၀ ကျပ် ဆုံးရှုံး နစ်နာ သွားရပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဒီဆုံးရှုံးနစ်နာမှုဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ကုန်သည်တွေအပေါ် ဖိအား ရှိလာစေပြီး နောက်ဆက်တွဲ ဆိုးကျိုးက နယ်စပ်ကုန်သွယ်ရေးကိုပါ ထိခိုက်မှု ရှိလာနိုင်တာပါ။

မူဆယ်နယ်စပ်ကုန်သည်များအသင်းမှ လုပ်ငန်းရှင်တဦးကလဲ “ကုန်သည်တွေအနေနဲ့ ရေရှည် ခံနိုင်ရည် ရှိဖို့ဆိုတာက ပြည်တွင်းမှာ ဆန်ဈေး ကျမှ ရမယ်။ ဆန်ဈေးကလဲ တအိတ်ကို ၁၁,၀၀၀ လောက် ဈေးကျမှပဲ တရုတ် ပြည်ဈေးကွက်ကို တင်ပို့နိုင်မယ်။ တကယ်လို့ ပြည်တွင်းမှာ ဆန်ဈေး မကျရင်တော့ ကျနော်တို့ ကုန်သည်တွေအနေနဲ့ တရုတ်ပြည်ဈေးကွက်ဆီ တင်ပို့ဖို့ ဆိုတာက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဘာလို့လဲဆို ပြည်တွင်း ဆန်ဈေး ကျမှပဲ ဒီဈေးနှုန်း ကွာဟမှုကို ပြန်ပြီး တော့ ဖာထေးနိုင်မှာလေ။ ပြည်တွင်းမှာ ဆန်ဈေး မကျလို့ ကုန်သည်တွေလဲ တွက်ခြေ မကိုက်လို့ မပို့တဲ့အခါ နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်မှု ရှိလာနိုင်တယ်။ နောက်ဆက်တွဲကတော့ အဆင်မပြေမှုတွေ ဆုံးရှုံးမှုတွေ ရှိလာမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လဲ တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ အခုနှစ် ဖေဖော်ဝါရီလဆန်းကစပြီး နေ့စဉ် ကုန်ကားစီးရေ သုံးရာကျော် ပုံမှန်ဝင်ရောက်မှုရှိလာတဲ့အတွက် တိုးတက်မှု ရှိလာပါတယ်။ ဒါပေမဲ့ ကိုဗစ် မတိုင်မီ နဲ့ စစ်အာဏာ မသိမ်းမီကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ခန့် ကျဆင်းမှု ရှိနေပါသေးတယ်။

မူဆယ် အခြေစိုက်ကုန်သည်တွေက “ကိုဗစ် မဖြစ်ခင် ကာလတုန်းက မြန်မာဘက်အခြမ်းက တနေ့ကို ကုန်ကားအစီးရေ အနည်းဆုံး ငါးရာနဲ့ ခြောက်ရာ သွားခဲ့တာလေ။ ဒါပေမဲ့ အားလုံး သိတဲ့အတိုင်းပဲ။ မြန်မာပြည်မှာ ကိုဗစ်ဖြစ်တယ်။ ပြီးတော့ စစ်တပ်က အာဏာသိမ်းတာ ကြုံခဲ့ရတယ်။ အဆိုးဆုံးအခြေအနေကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုဗစ် တတိယလှိုင်းဖြစ်ခဲ့တဲ့ ၂၀၂၁ ဇူလှိုင်မှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သလောက် ဖြစ်သွားခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဟာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၆၈ ဒသမ ၄၁ သန်း ရရှိခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၁၂၆ ဒသမ ၉၆ သန်းသာ ရှိတဲ့အတွက် ကုန်သွယ်မှုပမာဏက ထက်ဝက်ခန့် လျှော့ကျသွားပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ရှိတာကြောင့် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ပြီး အရှေ့မြောက် စီးပွားရေး တံခါးပေါက် တခုလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024