"လွတ်ရက်"
နှောင်မှလွတ်ရက်
“မည်သည့်ရက်” ဟု
ချင့်တွက်မလိုပါလေ…။
ပြည်သူကျောင်းသား
ကျိုးစီးပွားတွက်
တို့များအကျဉ်းခံရသည်။
ပြည်သူ့အောင်ပွဲ
ဆင်ယင်နွှဲတော့
တို့လည်းလွတ်မြောက်ရပေမည်။
မောင်လင်းယုန် (ရှမ်းပြည်)
မလွတ်မြောက်လာသေးသော တိုက်ပွဲဝင်အကျဉ်းစံများအတွက် ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်) ရဲ့ ထောင်တွင်း ကဗျာတပုဒ်ပေါ့။ အခုနွေဦးတော်လှန်ရေးအတွင်း အကျဉ်းကျသူတွေက ဒီကဗျာ စာသွားတွေလို ဆန်ဆန် ပြောနေကြတာ ပြန်ကြားရတယ်။ “အို နွေဦးတော်လှန်ရေးအောင်မြင်ရင် ငါတို့လွတ်မြောက်ရမှာပါ”တဲ့။ တကယ်တမ်းကလည်း အခုနိုင်ငံရေးအကျဉ်းသားတွေ ဦးရေ သောင်းချီကျခံနေရတဲ့ ထောင်တွေက အကျဉ်းထောင်တွေ၊ တတိုင်းတပြည်လုံးဟာလည်း အကျယ်ထောင်ကြီးပါ။ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ဒီသဘောတရားကို ပြောကြားသွားခဲ့ဖူးတာပါ။ မကြာခင်က ထောင်ကလွတ်လာတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ကိုမြအေးကလည်း သည်အတိုင်းပဲ ပြောခဲ့တာပါ။ ထောင်ကဗျာတွေထဲမှာ ဆရာတင်မိုး၊ မောင်သော်က၊ ဦးဝင်းတင် စသူတွေရဲ့ ကဗျာတွေကို ဖတ်ခဲ့ကြရတယ်။ တခြား ကဗျာဆရာတွေရဲ့ ထောင်တွင်းကဗျာတွေကလည်း များစွာထောင်ချီ ရှိပါရဲ့။ ဆရာကြီးမောင်လင်းယုန် (ရှမ်းပြည်)ကလည်း ထောင်ကဗျာတွေ ရေးခဲ့တာများသားကလား။ သည်အထဲက “လွတ်ရက်” ကဗျာကတော့ ရွတ်ဖတ်မိနေတာ နှစ်များတာရှည် ကြာပါပြီ။ ဒါပေမဲ့ ဒီနေ့ ဒီရက်မှာမှ ဘာကြောင့်သတိပိုရနေပါသလဲ။ ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်ဟာ ဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်) ကွယ်လွန်သွားခဲ့တဲ့ နေ့မို့ပါပဲ။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် နေ့လယ် ၂ နာရီ ၁၈ မိနစ်မှာ ရန်ကုန်က ဝိတိုရိယဆေးရုံကြီးမှာ ဆရာကြီး ကွယ်လွန်ခဲ့တယ်။ အခုဆို ၇ နှစ်ပတ်လည် ရောက်ပြီ။ ပိုပြီးတိုက်ဆိုင်နေတာက သူ့ရဲ့ “လွတ်ရက်” ကဗျာဟာ ရေးဖွဲ့ခဲ့တာ ဆယ်စုနှစ်တွေ အလီလီကြာခဲ့ပြီ ဖြစ်ပေမဲ့ အခု နွေဦးတော်လှန်ရေးကာလ အကျဉ်းထောင် အကျယ်ထောင်တွေထဲက ပြည်သူတွေအတွက် ရေးသားထားခဲ့တာလိုတောင် ထင်မှတ်စရာ ဖြစ်နေတာပါ။
မောင် လင်းယုန် (ရှမ်းပြည်) ကွယ်လွန်ပြီး ၇ နှစ်
လင်းလက်ဆဲ သူ့ကဗျာများ သူ့စာများ
ယုန် ရုပ်လရေး သူ့ကဗျာတေးများ ပျံ့လွင့်နေဆဲ
ရှမ်း ပြည်ပေါက် ဓနုစာဆိုတော်တယောက်
ပြည်သူ့ကဗျာရှင် နေဝင်ခဲ့ ၇ မိုး ၇ လီ
ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)ရဲ့ဘဝမှတ်တိုင်တွေ
မောင်လင်းယုန် (ရှမ်းပြည်) ( ၂ ဖေဖော်ဝါရီ ၁၉၃၃–၂၆ ဖေဖော်ဝါရီ ၂၀၁၆) ဟာ ဓနုလူမျိုး စာရေးဆရာ၊ ကဗျာဆရာတဦးပါ။ နာမည်ရင်း ဦးမြင့်ဦး ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ လွယ်မွေမြို့မှာ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ဦးဘစိမ်းနဲ့ ဒေါ်သန်းတင်တို့က မွေးဖွားခဲ့တယ်။ မူလတန်းက အထက်တန်းအထိ တောင်ကြီးမြို့မှာ ပညာသင်တယ်။ ၁၉၅၀ ပြည့်နှစ်မှာ ရန်ကုန်ဆရာအတတ်သင်က အလယ်တန်းဆရာဖြစ် လက်မှတ်ရခဲ့ပြီး ၁၉၅၁ ခုနှစ်မှာ ၁၀ တန်း အောင်ခဲ့တယ်။ ပင်းတယမြို့မှာ အလယ်တန်းဆရာ တနှစ်လုပ်တယ်။
၁၉၅၄ ခုနှစ်ကျတော့ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို တက်ရောက်ပြီး ၁၉၅၉ ခုနှစ်မှာ BA (IR) ဘွဲ့ရခဲ့တာပါ။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနမှာ တနှစ်ခွဲကျော် အမှုထမ်းခဲ့တယ်။ ၁၉၆၁ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ဆိုဗီယက်သံရုံး သတင်းဖြန့်ချိရေး ဌာနမှာ ဘာသာပြန် အယ်ဒီတာလုပ်တယ်။ သံရုံးတာဝန်ခံ လုပ်နေရင်းက စနေ၊ တနင်္ဂနွေနေ့တွေမှာ လူငယ် စာရေးဆရာတွေကို ကမ္ဘာ့စာပေနဲ့ ကဗျာတွေကို ဘာသာပြန်နည်း သင်ပေးခဲ့တယ်။ ဂန္ဓဝင်ပန်းခင်း နာမည်နဲ့ စာသင်ကြားခဲ့တယ်။ ဝတ္ထုတို၊ ရှည်၊ ကဗျာ၊ ဆောင်းပါးများ၊ ပြဇာတ်တွေကို ရန်ကုန် တက္ကသိုလ်မှာ တက်နေရင်း ကတည်းက စရေးခဲ့တယ်။ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကော်မတီ၊ အိုးဝေ မဂ္ဂဇင်း ကော်မတီတို့မှာ အယ်ဒီတာလုပ်တယ်။ ရန်ကုန် တက္ကသိုလ် ကလောင်အသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့တယ်။ တက္ကသိုလ် တက်ရင်းကပဲ အဏုမြူစစ် ဆန့်ကျင်ရေး၊ စစ်မုန်းသူ ကဗျာများ၊ မြကျွန်းသာ ကဗျာများ၊ ချယ်ရီပွင့်လျာ ကဗျာများ၊ ရှမ်းရိုးမ ကဗျာများတို့ကို စုပေါင်း ရေးသားခဲ့တယ်။ ဂီတာပဒေသာ မဂ္ဂဇင်း၊ ဂီတ သတင်းစဉ်ဂျာနယ်တို့ရဲ့ ဦးစီးနာယက ချယ်ရီမဂ္ဂဇင်း နာယကတွေ လုပ်ခဲ့တယ်။ ဆောင်းပါးအပုဒ် ၁၀၀ ကျော်၊ ဝတ္ထုတို ၃၀ ခန့်၊ ကဗျာအပုဒ် ၅၀၀ ကျော်၊ ပြဇာတ်အပုဒ် ၃၀ ခန့် ရေးသားခဲ့တယ်။ စစ်မုန်းသူ ကဗျာများထဲက ကေသီလှိုင် ကလောင်နဲ့ ရေးတဲ့ "သံသယ" ကဗျာကို ၁၀ တန်း ပြဋ္ဌာန်းစာအုပ်မှာ ထည့်သွင်းထားတယ်။
အသုံးပြုခဲ့တဲ့ ဆရာကြီးရဲ့ ကလောင်အမည်ခွဲတွေကတော့ တောင်ကြီးမြင့်ဦး၊ တောင်ကြီးမြင့်ဝေ၊ မြင့်ဝေ၊ မြတ်မွန်ဦး၊ သက်နိုင်ဦး၊ သက်မွန်ဦး၊ ကေသီလှိုင်နဲ့ လင်းယုန်ပျို (ရှမ်းပြည်) တို့ ဖြစ်ကြပါတယ်။ ၁၉၇၈ ခုနှစ်မှာ ရှမ်းပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်မှာ တစ်ကြိမ်၊ ၁၉၈၈ လူထုအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့လို့ ၁၉၈၉ ခုနှစ်ကတကြိမ် အင်းစိန်ထောင်၊ တောင်ငူထောင်တို့မှာ ချထားခံရတယ်။
စွမ်းသူအားမာန် (ဘာသာပြန်) ၁၉၆၇ အားသစ် အင်သစ် မာန်သစ် (ပြဇာတ်ပေါင်းချုပ်) ၁၉၆၉ ပွင့်ဦးမြေခကြွေလွင့်ရလေပြီ (ပြဇာတ်ရှည်) ၁၉၇၂ (ထရန်ဒင်ဗန်) ငုရင်းဗန်ထရိုင်း (ဘာသာပြန်) ၁၉၇၆ တို့ကို ရေးသား ထုတ်ဝေခဲ့တယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည် ၂ နာရီ ၁၈ မိနစ် သူ့အသက် ၈၃ နှစ်မှာ ရန်ကုန် ဝိတိုရိယဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်။
သူ့ကဗျာတွေ တလှေကြီး
ရှာဖတ်ပြီး ရေးလိုက်သည်။
သတ္တိတွေ တထွေကြီး
ထည့်သွင်းပြီး ဖွဲ့ခဲ့သည်။
မြန်မာမြေ ကဝိကြီး
ကွယ်လွန်ပြီး ၇ နှစ်လည်။
ဆရာကြီးကို သတိရတယ်။ ဆရာကြီးကို လေးစားတယ်။ ဂုဏ်ပြုမယ်ဆိုပါက သူ့ကဗျာတွေနဲ့ပဲ ဂုဏ်ဆောင်ရမှာပါလေ။ ၁၉၉၀ ခုနှစ်များဆီက လူ့အခွင့်အရေး ဒီမိုကရေစီအရေး အကြောင်းတွေကို ကွင်းကွင်းကွက်ကွက် ဖော်ပြ ရေးဖွဲ့လို့ မရခဲ့ပါ။ ဒါကြောင့် ဆရာကြီးက အခုလို ရေးခဲ့တာပါ။
ငါးသတ္တဝါရဲ့ဆန္ဒ
ငါးရယ်လို့ဖြစ်လာမှတော့
မြုံးကွန်ယက်ထဲမှာမရွှင်
သဲသောင်ပြင်လွှာမှာ မပျော်ပိုက်
ဧည့်ခန်းဆောင် ဖန်လှောင်ကန်ကိုလဲမကြိုက်
မြသီတာ ရေဇလာတဝိုက်မှာ
ဆွေသဟာ ဖေါ်တသင်းတွေနဲ့
နှောင်ကင်းစွာ ဟိုသည်ကူးနိုင်မှ
ရွှင်မြူးနှစ်ခြိုက်။
မောင်လင်းယုန် (ရှမ်းပြည်) ၁၉၉၂
ဆရာကြီးဟာ သူ့အရင် ကဗျာဆရာကြီးတွေ ဖြစ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်၊ ဆရာ တင်မိုးတို့လို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ကဗျာတွေကိုလည်း ရေးခဲ့ပါတယ်။ ပြည်သူ့ခေါင်းဆောင်ကို ထောက်ခံ အားပေးတာပါ။ လေးစားယုံကြည်အားကိုးတဲ့ ပြယုဂ်ပေါ့။
အန်တီစုကိုတို့ချစ်တယ်
အန်တီစုကို တို့ချစ်တယ်
အန္တရာယ်မှန်သမျှ ရန်စွယ်မှန်သမျှ
ခုတ်ပယ်ရှင်းဖို့ ငါတို့ရှေ့မှောက်ရပ်
မားမားမတ်မတ်မြင့်မြတ်တဲ့ ဂရုဏာရှင်။
အန်တီစုကို တို့ချစ်တယ်
ညအမှောင်လမ်း…. ဘယ်ပျောက်ရှေ့နောက်မသိ
ဒုက္ခပီဘိ ကြမ်းတမ်းလှတဲ့ ခရီးမှာ
မီးရှူးတန်ဆောင်အဖြစ် ကိုယ့်ရင်အနှစ်
အသည်းနှလုံးကို ခွဲထုတ်ယူပြီးသုံးတဲ့
“ဂေါ်ကီ” ရဲ့ အိုမီသူရဲကောင်း “ဒန်ကို” လိုပ
အမျိုးသားရေးအတွက်ဆိုရင် ကိုယ်ကျိုးမငဲ့ကွက်
စေတနာရှင်တို့အတွက် သက်ရှိထင်ရှား
ပေါ်ထွန်းပီပြင် မြန်မာ့မော်ကွန်းဝင် ။
အန်တီစုကို တို့ချစ်တယ်
လကွယ်ည အဏ္ဏဝါတွင် လှိုင်းလှေထန်
မိုးမာန်ပြင်လျှက် စိုးစိမျှမမှု ဘာကိုမှမရှု
ခိုင်ကျည်မြဲမြန် အသိဉာဏ် ထက်မြက် ဝဲဂယက်ကို
လှေသားနဲ့တူသော လင်းအာရုဏ်ကြား
မှန်းခြေပေါက်အောင် နောက်မတွန့်အမြဲ
စွန့်ရဲ ခေါင်းဆောင်ရဲတဲ့ ပဲ့နင်းရှင်။
အို… စေတနာမိခင် ဂရုဏာမိခင်
စွန့်ရဲတဲ့ ပဲ့နင်းရှင်…
နှစ်ဟောင်း ရွက်ဟောင်း ကြွေရပြီ
စနစ်ဟောင်း စရိုက်ဟောင်း ကြွေရမည်
ဒီမြေမှာ သားတို့အတွက်
ဒီမြေမှာ သမီးတို့အတွက်
ကြည်နူးဝေဝေ ဖူးငုံတွေဖွင့်လှစ်
အားအင်အသစ်နှင့် ပန်းမာလ်အသစ်
ဒီနှစ်မှာအောင်ပွဲယူလို့
ချွေးသီးတစ်ပေါက် မိခင်နောက်က
တတပ်တအား တစ်သားတစ်မွေး
စုဝေးမည် ရှေ့သို့ချီ…
သစ္စာဂီတ အတာတန်ခူး ဒီနှစ်ဉီးမှာ
ကြည်နူးပါတော့ အိုမိခင်။
မောင်လင်းယုန် (ရှမ်းပြည်)
(၁၈.၄.၁၉၈၉)
ဒါပေမဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကဗျာတွေကို မဂ္ဂဇင်းတွေ၊ စာစောင်တွေမှာ ဖော်ပြခွင့် မရတော့ပါ၊ ဒါကြောင့်
၁၉၈၉ နောက်ပိုင်း ကာလ၊ စာပေစိစစ်ရေးတင်းကျပ်တဲ့ခေတ်ကာလမှာ ဆက်လက်ဖော်ပြမယ့် " သူ့ကိုတို့ချစ်တယ်" ကဗျာလေးဟာလည်း၊ စာပေကင်ပေတိုင်ရဲ့ လက်ချက်နဲ့ မဂ္ဂဇင်းဖြန့်ခါနီးကျမှ ဖတ်မရစေအောင် ငွေမင်သုတ် ခံရပါသော ကဗျာလေးဖြစ်သွားခဲ့ရပါတယ်။
သူ့ကိုတို့ချစ်တယ်
သူ့ကိုတို့ချစ်တယ်။
သူ့ကိုတို့ချစ်တယ်။
ချစ်သလားမမေးနဲ့လို့
ခေတ်စကားလေးနဲ့ ပြောချင်တယ်။
သူ့မျက်ဝန်းရွှန်းလက်၊
ညွှန်းချက်က လေးနက်တယ်။
မြင်ချက် ကြည်လင် ပီပြင်တယ်။
သူ့နှုတ်ဖျားက
မြွက်ကြားတဲ့ မေတ္တာတရားရယ်
ပြတ်သားတဲ့ သစ္စာစကားဆိုတယ်။
သူ့သွင်ပြင် လှုပ်ရှားချက်
သွက်လက်ချက်ချာ တက်ကြွတယ်
ခက်သမျှ ပြေလည်အောင်မှန်းရွယ်။
သူ့ကိုတို့ချစ်တယ်။
သူ့ကိုတို့ချစ်တယ်။ ။
မောင်လင်းယုန်(ရှမ်းပြည်)
ဆက်တွေ့ရမယ့် "လေးသည်ကျော်" ကဗျာကတော့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို စောင်း ရေးထားသလားပဲ။ ဖတ်ကြည့်ပြီး သုံးသပ်ကြပါ။
လေးသည်ကျော်
လေးသည်ကျော်
တော်လှပါဘိ။
လေးမြှားအတတ်
တစ်ဖက်ကမ်းခတ် အံ့ဘနန်း
စွမ်းလှပါ၏။
သို့ပါသော်…
တော်၍ကျော်
ကျော်၍မော်
ရှေ့နောက် မမြှော်
အမြင် ယွင်းချော်လာပြီ သတိ။
ပစ်မှတ်မှားယွင်း
ကိုယ့်တပ်သား ကိုယ်ခွင်း
ဒင်းလောက် ဖျင်းသသူ
ဇမ္ဗူမှာမရှိ
ဪ…ညံ့လိုက်ပါဘိ။
မောင်လင်းယုန် (ရှမ်းပြည်)
ဆရာကြီးရဲ့ ကဗျာများစွာထဲက ကဗျာတချို့ကိုသာ သူ့ရဲ့ ကွယ်လွန်ခြင်း ၇ နှစ်မှာ ဖော်ပြပေးလိုက်တာပါ။ အခုနောက်ဆုံး ကဗျာတပုဒ်ကတော့ ကျနော်တို့ တော်လှန်ရေးမှာ အပြောင်အနောက် ပြောလေ့ရှိသလို "ဘယ်သူမခွဲခွဲခွဲ ကိုယ့်အခြင်းခြင်း ကွဲကြမယ်" ဆိုတာမျိုးပါ။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲကလို "ဗမာတွေဟာ ကိုယ်အချင်းချင်း ပြန်ချတဲ့နေရာမှာ တလွဲဆံပင်ကောင်း နေကြတယ်" ဆိုတာမျိုးပါ။ နွေဦးတော်လှန်ရေးတွင်း အချင်းချင်း မချကြဖို့ ဆရာကြီးက ကြိုတင် သတိပေးခဲ့သယောင်ပေါ့။
လွန်တာပေါ့
ခြင်းထဲက ကြက်
ဝင်းထဲက ဝက်
ယင်းထဲက ငါးဖျင်းသလက်
အချင်းချင်းနှက်နေကြတော့
လွန်တာပေါ့။
မောင်လင်းယုန် (ရှမ်းပြည်)
အပြီးသတ်လိုက်ရရင်တော့ ဆရာကြီးဟာ ၂၀၁၆ ဖေဖော်ဝါရီ ၂၆ မှာ ကွယ်လွန်ခဲ့လို့ ဒီနေ့မှာ ၇ နှစ်ကြာပြီ။ သို့သော် သူ့ရဲ့
ပြည်သူ့အောင်ပွဲ
ဆင်ယင်နွှဲတော့
တို့လည်းလွတ်မြောက်ရပေမည်။ ဆိုတဲ့ "လွတ်ရက်" ကဗျာအပါအဝင် တော်လှန်ရေး သတိပေး ကဗျာလေးတွေကတော့ ရှင်သန်နေကြဆဲ မဟုတ်လား။ တဆက်ထဲ မြင်မိတာကတော့ အကျဉ်းထောင် အကျယ်ထောင်တွေမှာ ကျနေကြတဲ့ ပြည်သူအားလုံး လွတ်မြောက်ဖို့ ပြည်သူအားလုံးကပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်ကြမှ ရမှာလေ။ ။
မောင်တူး