Home
မြန်မာသတင်း
ဘုရားသုံးဆူတွင် တိုက်ပွဲဖြစ်ပြီး ရဲစခန်းမီးလောင်
DVB
·
February 25, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက် ဒီမနက်အစောပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး ဘုရားသုံးဆူရဲစခန်း မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဘုရားသုံးဆူမြို့ ရဲစခန်းကို ဒီကနေ့ မနက်  ၆ နာရီလောက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရကာ ဘုရားသုံးဆူရဲစခန်းမီးလောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံ တဦးက "ဒီမနက် မိုးလင်းကာစပဲရှိမယ်။ ပစ်ခတ်သံတွေစကြားရတာ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ အဆက်မပြတ်ပဲ။ အခု ဘုရားသုံးဆူမြို့ထဲမှာ စစ်ကောင်စီတပ်က ဖြန့်ပြီး စစ်ကြောင်းထိုးနေတယ်။ ဘုရားသုံးဆူ ရဲစခန်းလည်း မီးလောင်သွားပြီ။ ကျနော်တို့ ဒေသခံတွေတော့ ဒုက္ခပါပဲဗျာ"လို့ ဆိုပါတယ်။

ဘုရားသုံးဆူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ Urban Missing Forces မြို့ပြ ပြောက်ကျားတပ်ဖွဲ့ကတော့ ပြည်သူတွေ ဂရုစိုက် သွားလာနေထိုင်ကြဖို့ ဖေ့ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှာ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်တွေက ဘုရားသုံးဆူမြို့နယ်ရှိ သတ္တုမိုင်းတွင်းတွေကို လေကြောင်း တိုက်ခိုက်တာအပြင် မြို့အနီးအနားတွေနဲ့မြို့ထဲတွေကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ-ဘုရားသုံးဆူ မြို့ခံတစ်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024