ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းအတွက် လျှပ်စစ်မီးသွယ်တန်းဖို့ လုပ်ငန်းတွေ ဆောင်ရွက်နေတာကြောင့် ငါးဖမ်းသမားတွေကို ငါးဖမ်းခွင့် တလပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် အုန်းကျွန်းက လျှပ်စစ်မီးသွယ်တန်းနေတာကြောင့် မဒေးကျွန်းနဲ့ သစ်ပုတ်တောင်ရွာက ကျားပိုက်ငါးဖမ်းသမားတွေကို ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး တလကြာ ငါးဖမ်းခွင့် ပိတ်လိုက်တယ်လို့ သစ်ပုတ်တောင်ကျေးရွာက ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
"အုန်းကျွန်းက စစ်တပ်စခန်းကို လျှပ်စစ်မီးကြိုးသွယ်တန်းနေကြတာရှိတယ်။ အဲဒီမှာ စစ်တပ်က သင်္ဘောတွေ သွားလာနေကြတယ်။ အဲဒါကြောင့် ရေတပ်က လာပြောသွားတယ်။ ဒေသခံတွေက ဒီငါးဖမ်းလုပ်ငန်းနဲ့ အဓိက သက်မွေးဝမ်းကျောင်း နေကြတာ။ အခုလို ငါးဖမ်းခွင့် ပိတ်တော့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီက ကျားပိုက်ငါးဖမ်းသမားတွေကို တလ ငါးဖမ်းခွင့် ပိတ်ပင်ထားတယ်လို့ ပြောဆိုထားပေမဲ့ အချိန်ဘယ်လောက်အထိ ကြာမြင့်သွားမယ်ကို အတိအကျ ခန့်မှန်းလို့ မရနိုင်သေးဘူးလို့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ရေနက်ဆိမ်ကမ်းစီမံကိန်းနဲ့ ရွှေဂက်စ်ဓာတ်ငွေ့ထုတ်လုပ်နေမှုတွေကြောင့် ရေနံတင်သင်္ဘောတွေ သွားလာနေကြတာကြောင့် ငါးတွေအရင်လို့ ဖမ်းလို့မရတော့ဘူးလို့ပြော ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
မဒေးကျွန်းနဲ့ သစ်ပုတ်တောင် ကျေးရွာတွေမှာ ကျားပိုက်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူ ၂၀ နီးပါးခန့်ရှိတယ်လို့သိရပါတယ်။
ကျောက်ဖြူနဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့က ပင်လယ်ပြင်တွေမှာ စစ်ကောင်စီက မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်လေ့ကျင့်တာကြောင့် ငါးဖမ်းလုပ်ငန်းတွေ မကြာခဏ ဆိုသလို ရပ်တန့်ထားရတယ်လို့ သိရပါတယ်။