Home
မြန်မာသတင်း
အရာတော်မြို့နယ်၌တိုက်ပွဲပြင်းထန်၊ လေကြောင်းပစ်ခတ်မှုကြောင့် ဒေသခံရွာသားအချို့ ဒဏ်ရာရ
DVB
·
February 24, 2023

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ခြမ်းက မလဲသာကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဖေဖော်ဝါရီ ၂၄ ရက် ဒီမနက် ၉ နာရီက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတချို့ ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက အင်အား ၈၀ ကျော်နဲ့ အရာတော်မြို့ကနေ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ကျောက်ပြုတ်ရွာဘက်ကို စစ်ကြောင်းထိုးနေကာ  နွားမသင်းအရှေ့ရွာအနောက်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စပြီးမီးရှို့ခဲ့လို့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲစဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်မှာ   နွားမသင်းရွာကနေ မင်းရွာကို ထပ်စစ်ကြောင်းထိုးပြီး မီးထပ်ရှို့ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ အကျအဆုံးများတာကြောင့် မနေ့နေ့လယ်ပိုင်းမှာ နမခစစ်တပ်ကနေ လေယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

မြေပြင်ကိုလည်း လေယာဉ် ၃ စီးနဲ့ အင်းအားဖြည့်တင်းတာတွေ ရှိနေတာကြောင့် အခုလတ်တလောအချိန်မှာ စစ်သားအင်အား ၃၀၀ နီးပါးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

မလဲသာရွာခံတဦးက “နမခကနေ နေ့လယ်ပိုင်းရောက်တော့ ဂျက်လေယာဉ်တွေနဲ့ ဝေဟင်ကနေ လာပစ်တယ်ဗျ။ နောက်ပြီး မြေပြင်ကိုလည်း စစ်သားအင်အားတွေ ထပ်ချတယ်။ လေယာဉ်နဲ့ စစ်သားတွေလာချတာက ညောင်ပင်ရွာအနီးမှာချတာ။ အဲလိုချပြီး ဒီနေ့ ၉ နာရီမှာ တိုက်ပွဲထပ်ဖြစ်နေတယ်။ နားလိုက် ပစ်လိုက်နဲ့ပဲ။ သူတို့လေယာဉ်နဲ့ပစ်လို့ ကျနော်တို့ မလဲသာရွာက အရပ်သားတွေဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦး ကျည်ထိမှန်ထားတယ်။ ဒါက ကနဦး အတည်ပြုထားနိုင်တဲ့ အရေအတွက်ပါဗျ။ နောက်ထပ်လည်း ထပ်ရှိနိုင်သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လေယာဉ်အသုံးပြုပစ်ခတ်ပြီး မြေပြင်မှာ စစ်သားတွေချကာ ကျေးရွာအတွင်းက အရပ်သားပြည်သူ ၅၀ ထက်မနည်းကို မနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးထားပြီး ဒီနေ့အချိန်ထိ ပြန်လွှတ်ပေးတာ မရှိသေးတာကြောင့် ဖမ်းဆီးခံထားရတဲ့ မိသားစုတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

အရာတော် Dranger Force LPDF အဖွဲ့မှ မောင်းလေးက “ဒီတိုက်ပွဲကတော့ အရာတော်မှာ အကြီးမားဆုံးတိုက်ပွဲလို့ ပြောလို့ရသလို စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များတဲ့ပွဲလို့လည်း ပြောလို့ရတယ်။ ၂၁ ရက်နေ့ကနေ စပြီး ဒီနေ့အထိ တိုက်ပွဲကဖြစ်နေတာ။ ၄ ရက်ကြာတိုက်ပွဲမှာ (--)တွေဘက်က ၃၀ ကျော်အထိ ကျဆုံးနေတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၂ ဦးကျဆုံးပြီး တဦး မစိုးရိမ်ရဒဏ်ရာ ရထားတယ်။ သူတို့‌ လေယာဉ်နဲ့ပစ်လို့ အရပ်သားတွေ သေဆုံးတာတွေလည်း ရှိနိုင်တယ်ဗျ။ လောလောဆယ်တော့ အရပ်သား သေဆုံးစာရင်း အတိအကျတော့ မသိရနိုင်သေးဘူး” လို့ ပြောပါတယ်။

မလဲသာမှာ စစ်ကြောင်းတကြောင်း၊ မင်းရွာမှာ စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းက ရွာထဲကနေ မထွက်သေးဘဲ ရှိနေပြီး ညောင်ပင်ရွာအနီးက ကွမ်းခြံတွေကိုလည်း  စစ်ကောင်စီက မီးရှို့နေတယ်လို့ ရွာသားကပြောပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ အရာတော်မြို့နယ်မှာ အခုလို စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နွားမသင်းအရှေ့ရွာ၊ နွားမသင်းအနောက်ရွာ၊ မင်းရွာ၊ မလဲသာရွာ၊ ညောင်ပင်ရွာ စတဲ့ ကျေးရွာအနီးက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024