Home
မြန်မာသတင်း
မင်္ဂလာတောင်ညွန့်တွင် တရက်တည်း အိမ်ခြေမဲ့အမျိုးသား ၂ ဦး သေဆုံး
DVB
·
February 24, 2023

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၂ ရက် တရက်တည်း အိမ်ခြေမဲ့ အမျိုးသားနှစ်ယောက် သေဆုံးခဲ့တယ်လို့ မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုစွန်တောင်လမ်း၊ စာတိုက်မှတ်တိုင်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၁၁ နာရီလောက်က အသက် ၄၀ အရွယ် အမျိုးသားတဦး သေဆုံးနေတယ်လို့ ကြားသိရတဲ့အတွက် သွားယူခဲ့ပြီး သေဆုံးသူကို လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဘာကြောင့်သေဆုံးလဲ ဆိုတာကိုတော့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၂၂ ရက် တရက်တည်းမှာပဲ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်လောက်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးရပ်ကွက်၊ ၉၃ လမ်း၊ မြန်မာ့ဂုဏ်ရည်လမ်းထိပ် တံတားပေါ်မှာ အသက် ၅၀ ခန့်ရှိ အိမ်ခြေမဲ့အမျိုးသားတဦး သေဆုံးကြောင်း ကြားသိရတဲ့အတွက် သွားရောက်ခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အိမ်ခြေမဲ့တွေပါ နှစ်ယောက်လုံးက၊ နေရပ်လိပ်စာတွေ အချက်အလက်တွေတော့ မသိရဘူးပေါ့။ အသက်ကတော့ ခန့်မှန်းခြေပါပဲ။ စာတိုက်မှတ်တိုင်နားမှာသေတဲ့ အမျိုးသားက လမ်းဘေးမှာ နေစားရင်း အအေးလွန်ပြီး သေတဲ့ပုံစံလို့ ယူဆရတယ်။ တံတားထိပ်က အမျိုးသားကတော့ အစာရေစာချို့တဲ့လို့ သေဆုံးတာ ဖြစ်နိုင်တယ်။”

အဆိုပါ သေဆုံးခဲ့တဲ့ အိမ်​ခြေမဲ့အမျိုးသားနှစ်ဦးလုံးရဲ့ ရုပ်အလောင်းတွေကို မင်္ဂလာတောင်ညွန့် လူငယ်လူမှုကူညီရေးအသင်းကပဲ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းအတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ အောင်မြေသာယာဘုရား၊ မြောက်ဘက်မုခ်အနီး၊ လမ်းဘေးတနေရာမှာ အသက် ၆၀ ခန့်အရွယ်ရှိ တောင်းရမ်းစားသောက်သူ အမျိုးသားတဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်အထိ အိမ်ခြေမဲ့သေဆုံးသူ ၁၀ ဦးအထက် ရှိလာပြီလို့ ဒေသခံ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024