Home
မြန်မာသတင်း
PDF စခန်းလိုက်မပြသဖြင့် CDM သူနာပြုဆရာမကို စစ်ကောင်စီတပ်က ပစ်သတ်
DVB
·
February 21, 2023

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ CDM သူနာပြုဆရာမ တယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းမိသွားပြီး PDF စခန်းကို လိုက်ပြခိုင်းရာမှာ ငြင်းဆန်တဲ့အတွက် စစ်ကောင်စီတပ်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDM သူနာပြုဆရာမ မေဇွန်မိုးဟာ စစ်တပ်ရန်ကနေ တိမ်းရှောင်နေရင်း လွတ်မြောက်နယ်မြေတခု ကိုရောက်သွားပြီး အဲဒီက ဒေသခံ PDF တွေကို သူတတ်ထားတဲ့ဆေးပညာနဲ့ အကူအညီပေးရင်း နေထိုင်ခဲ့ရာက မြို့ကိုပြန်အသွားမှာဖမ်းမိသွားတာလို့ အုတ်ဖို PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က အုတ်ဖိုကိုပြန်သွားတာ၊ သူနဲ့အတူ ရဲဘော်နှစ်ယောက်ပါ ထည့်ပေးလိုက်တာ။ အဲဒါ ကျောက်ဖြူတောင်ဂိတ်မှာ အဖမ်းခံလိုက်ရတာ။ ပထမတော့ ရဲဘော်တွေက ခံပစ်တော့ ဆရာမကလွတ်သွားတယ်။ ရဲဘော် ၂ ယောက်ကတော့ ပစ်သတ်ခံလိုက်ရတယ်။ အဲဒီမှာ ဆရာမကို တောနင်းရှာကြတာ၊ အဲဒီည ၁၁ ခွဲကျမှ စိန်ပတ်လည်နားက တဲတစ်လုံးမှာ ပြန်ဖမ်းမိသွားတာ၊ အဲ့ဒိကနေ ဖမ်းသွားပြီးပျောက်နေတာ၊ အဲ့ဒါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကျမှ အဲ့ဒိနေရာကိုပဲ ပြန်ခေါ်လာပြီး၊ တောစပ်မှာ မျက်စိကို အဝတ်စည်းပိတ်ထားပြီး ထွက်ပြေးခိုင်းတယ်။ ပြီးတော့ နောက်ကနေ သေနတ်နဲ့ ၃ ချက်ပစ် ပြီး သတ်လိုက်တာ။”

သူနာပြု ဆရာမ မေဇွန်မိုးနဲ့ သူ့အမျိုးသား ကိုအောင်ဇင်တို့ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါခဲ့တာကြောင့် စစ်ကောင်စီက သူတို့အိမ်ကို ဝင်ရောက်ဖမ်းဆီးရာမှာ ကိုအောင်ဇင်ကို ဖမ်းမိသွားပြီး ဆရာမ မေဇွန်မိုးကတော့ လွတ်မြောက်သွားခဲ့တာပါ။

သူနဲ့အတူ CDM လုပ်ထားတဲ့ သူနာပြုဆရာမတယောက်က “အခုလည်း ဆရာမအလောင်းကို သူတို့ဘယ်မှာ ဘာလုပ်လိုက်လဲမသိရဘူး။ ဘာမှ အကြောင်းလည်းမကြားဘူး။ နောက်မှ အုတ်ဖို ရဲစခန်းနဲ့ နီးစပ်သူတွေဆီကနေသိရတာက ဆရာမက တောထဲမှာထွက်ပြေးလို့ သေနပ်နဲ့ပစ်လိုက်ရကြောင်း၊ သူက သူနေခဲ့တဲ့ PDF စခန်းနေရာကိုမပြောလို့ သတ်လိုက်တာဖြစ်ကြောင်းသိရတာ” လို့  ပြောပါတယ်။

သေနတ်နဲ့ တောစပ်မှာပစ်သတ်ပြီး အလောင်းကို ခုတင် ၁၀၀ စစ်ဆေးရုံကို သယ်သွားတယ်လို့ အုတ်ဖိုဒေသခံတယောက်ထံက သိရပါတယ်။

သူနာပြု ဆရာမမေဇွန်မိုးရဲ့ ခင်ပွန်းဖြစ်သူ ကိုအောင်ဇင်ကတော့   ပုဒ်မ ၅၀၅ နဲ့ သာယာဝတီထောင်မှာ ထောင်ဒဏ် ၃ နှစ်ချခံထားရပြီး လွတ်ရက်စေ့ကာနီးနေပြီဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024