မြန်မာပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ထုတ်ပေးရေးရုံးတွေကို ပိတ်ထားတာ လနဲ့ချီရှိနေပြီဖြစ်ပြီး ပုံမှန်အတိုင်းပြန်ဖွင့်ဖို့ လတ်တလော မဖြစ်နိုင်သေးဘူးလို့ ပတ်စ်ပို့ရုံး ဝန်ထမ်းတချို့က ပြောပါတယ်။
အခုနှစ်ဆန်းပိုင်းကစတင်ပြီး နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ထုတ်ပေးမှုကို စစ်ကောင်စီက အကန့်အသတ်မရှိ ဆိုင်းငံ့ထားတာဖြစ်ပြီး ရုံးပြန်ဖွင့်ဖို့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပေမဲ့ ပုံမှန်အတိုင်း ပြန်ဖွင့်ဖို့ကတော့ လတ်တလော မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
နေပြည်တော် ပတ်စ်ပို့ရုံး ဝန်ထမ်းတဦးက “လူတွေကတော့ အမျိုးမျိုးပြောနေကြတာပဲ။ သေချာတာကတော့ အရင်လို ပုံမှန်ပြန်ဖွင့်ဖို့က မဖြစ်နိုင်သေးဘူးလို့ ထင်တယ်။ အခုလပိုင်းထဲ ပြန်ဖွင့်မယ်ဆိုလည်း ဗုဒ္ဓဂါယာဘုရားဖူးရယ်၊ ကျန်းမာရေးကိစ္စတွေရယ်၊ ကုမ္ပဏီ demand တွေရယ်လောက်ပဲ ထုတ်ပေးလောက်မယ်ကြားတယ်။ တခြားအလုပ်ကိစ္စတွေ၊ အလည်အပတ်တွေကတော့ ရဖို့လွယ်မှာမဟုတ်သေးဘူး” လို့ ပြောပါတယ်။
ရုံးပြန်ဖွင့်ပါကလည်း ပတ်စ်ပို့စာအုပ်တအုပ်ကို ကျပ်ငွေ ၇ သိန်းခွဲလောက်နဲ့ PJ ကနေ PV ပြောင်းဖို့ကို ကျပ် ၅ သိန်းလောက် ဖြစ်သွားနိုင်တယ်လို့လည်း ပွဲစားတချို့က ခန့်မှန်း ပြောပါတယ်။
ပတ်စ်ပို့ထုတ်ပေးမှုကို အခုလို ဆိုင်းငံ့ထားရတာဟာ ပြည်ပအလုပ်အကိုင်ကုမ္ပဏီတွေကနေ တဆင့် စာအုပ်ထုတ်ပေးရာမှာ စီဒီအမ်ဝန်ထမ်းတချို့ ပါဝင်နေတာကြောင့် ဖြစ်တယ်လို့လည်း ခန့်မှန်းပြောဆိုတာတွေ ရှိနေပါတယ်။
စစ်ကောင်စီခေါင်းဆောင်ကတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ဟာ ဆိုင်းငံ့ထားဖို့ မသင့်တဲ့အတွက် ပုံမှန်အတိုင်း ပြန်လည်ဖွင့်ပေးဖို့ စီစဉ်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြောကြားထားပါတယ်။