Home
မြန်မာသတင်း
မှတ်ပုံမတင်ထားသည့် ပြည်တွင်းဖုန်းဆင်းကတ်များ စတင်အပိတ်ခံနေရ
DVB
·
February 18, 2023

ပြည်တွင်း ဖုန်းအော်ပရေတာတွေက ဇန်နဝါရီ ၃၁ ရက်အထိ မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းကတ်တွေကို ဖေဖော်ဝါရီ ၁၆ ရက်မှာ စတင်ပိတ်သိမ်းနေပြီလို့ သုံးစွဲသူတွေဆီက သိရပါတယ်။

ဆင်းကတ်တွေကို သုံးစွဲသူတွေရဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့  ဆင်းကတ်မှတ်ပုံတင်ရမယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြောခဲ့တာပါ။ 

ပဲခူးမြို့ဒေသခံတစ်ဦးက “ဒီနေ့ ဆင်းကတ်ပြန်ပွင့်ဖို့ ဖုန်းဆိုင်သွားလုပ်တာ ၅၀၀၀ ပေးခဲ့ရတယ်၊ အရင်တစ်ခေါက်က ကိုယ့်မှတ်ပုံတင်နဲ့ လုပ်ပြီးသွားပြီ၊ MPT သုံးတာ၊ မနေ့က နေ့လယ်လောက် က ခေါ်မရတာဖြစ်နေတာ၊ ဘေလ်စစ်တာနဲ့ အဝင်ကောတောင် မရတော့လို့ ဆိုင်သွားမှ အပိတ်ခံရတယ်ဆိုတာ သိတာ၊ ဆိုင်က ပြောသလို မက့်ဆေ့တွေဘာတွေ ဝင်တယ်လည်း မသိပါဘူး " လို့ ပြောပါတယ်။ 

ပြည်တွင်းအော်ပရေတာ ၄ ခုအနက် MPT နဲ့ အက်တမ် ဆင်းကတ်တွေမှာ အပိတ်ခံရတာ များတယ်လို့ သိရပြီး စစ်တပ်ပိုင် Mytel ဆင်းကတ်သုံးစွဲသူတွေကတော့ လတ်တလော ဆင်းကတ်မှတ်ပုံ ပြန်တင်စရာ မလိုသေးဘူးလို့ ရန်ကုန်မြို့ ဆင်းကတ်နဲ့ ဖုန်းဘေလက်ကားရောင်း ဝယ်‌ရေးလုပ်ငန်းတစ်ခုက ပြောပါတယ်။

ပြည်တွင်းသုံး ဆင်းကတ်တစ်ခုကို ကျပ် ၂၀၀၀ သာဖြစ်ပေမဲ့ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ် ၂၀၀၀၀ အထိ ပေးသွင်းဖို့ ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီဘက်က အခွန်အကောက်ဥပဒေကို ပြင်ဆင်ခဲ့တာပါ။

ရန်ကုန်မြို့ဖုန်းဆိုင်တစ်ခုက"ဆက်သွယ်ရေးဘက်က ပြောတဲ့အတိုင်းဆိုင်မှာ ဆင်းကတ်တွေကို မှတ်ပုံတင်ဖို့နဲ့ အမည်ပေါက် ပြောင်းလဲဖို့ လုပ်ပေးနေပါတယ်။ တကယ်လို့ သုံးနေတဲ့ ဆင်းကတ် ရုတ်တရက်ပိတ်သွားရင် နောက်ဆုံးဝယ်ယူခဲ့တဲ့ ပါ့ကေ့ခ်ျ နာမည်၊  ဈေးနှုန်း၊ ဆင်းကတ်အသေးလေးရဲ့ နောက်ကျောလေးမှာပါဝင်တဲ့ Sim Serial နံပါတ်တွေ လိုအပ်ပါတယ်။ အဲ့ဒီအချက်တွေ ရှိရင် ပထမသုံးတဲ့ နံပါတ်က ကိုယ့်မှတ်ပုံတင်နဲ့ မဟုတ်လို့ အပိတ်ခံရလည်း ပြဿနာ မရှိနိုင်ပါဘူး၊ ဒီမှာ ဝန်ဆောင်ခ ၃၀၀၀ ယူပါတယ် " လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်ကနေ အခုလို ဆင်းကတ်တွေ တိတိကျကျ မှတ်ပုံပြန်တင်ခိုင်းနေတာတွေက  ပြည်တွင်းဖုန်းသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဆက်သွယ်ရေးအော်ပရေတာတွေကနေ တရားဝင်ရယူချင်လို့ဖြစ်ပြီး ဆင်းကတ်မှတ်ပုံတင်ခိုင်းတာအပြင် ဖုန်းအသစ်တစ်လုံး ဝယ်ယူရင်လည်း အဆိုပါ ဖုန်းရဲ့ IMEI ကုတ်နံပါတ်ကိုပါ မှတ်ပုံတင်ခိုင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပြည်တွင်းဖုန်းအော်ပရေတာတစ်ခုကနေ Check NRC ဆိုပြီး ပို့ထားတဲ့မက်ဆေ့မှာ လက်ရှိသုံးစွဲနေတဲ့ဆင်းကတ်ကို မိမိရဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ မှတ်ပုံတင်ထားဖို့နဲ့ လက်ရှိအချက်အလက်တွေကို စစ်ဆေးပြီး မိမိနာမည်၊ မှတ်ပုံတင်နံပါတ် မှန်ကန်မှုမရှိပါက ကိုယ်ပိုင်အချက် အလက်နဲ့ ပြန်လည်မှတ်ပုံတင်ဖို့ စတဲ့အချက်တွေ ပါရှိတာကို တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024