Home
မြန်မာသတင်း
နိုင်ငံတကာစံချိန်စံညွှန်းနှင့် မကိုက်ညီသည့် ဥပဒေဖြင့် စစ်ကောင်စီက နိုင်ငံရေးပါတီများကို ထိန်းချုပ်
DVB
·
February 16, 2023

စစ်ကောင်စီ အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကိုက်ညီခြင်းမရှိကြောင်းနဲ့ ဒီဥပဒေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ အဓိကကျတဲ့ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ခက်ခဲသွားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ကြေညာပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာမရှိဘဲ နိုင်ငံ့အာဏာကို စစ်တပ်က နောက်ထပ်ထိန်းချုပ်ရေးကို တရားဝင်စေရေးအတွက်သာ ပြုလုပ်မှာကို သိရှိ စိုးရိမ်နေကြရာကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကြောင့် ထပ်မံစိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ဥပဒေကို ဖျက်သိမ်းပြီး အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာတော့ ရာဇဝတ်မှုကျူးလွန်ဖူးသူ သို့မဟုတ် ထောင်ကျဖူးသူများကို နိုင်ငံရေးပါတီတွင် မပါဝင်ရလို့ သတ်မှတ်လိုက်ပါတယ်။

ဒီအချက်ကြောင့် လုပ်ကြံစွပ်စွဲချက်တွေနဲ့ အမှုဆင်ကာ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အကြီးတန်းအဖွဲ့ဝင် အတော်များများဟာ နိုင်ငံရေးပါတီဝင်ဖြစ်ဖို့ စစ်ကောင်စီ သတ်မှတ်ချက်နဲ့ မကိုက်ညီ ဖြစ်ခဲ့ရပါတယ်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ကို စစ်ကောင်စီက ထုတ်ပြန်လိုက်တာဟာ သူတို့လုပ်မယ့် ရွေးကောက်ပွဲ အထမြောက်ရေး လုပ်ကြံတည်ဆောက်နေရုံသာ မဟုတ်ဘဲ မြန်မာနိုင်ငံကို စစ်တပ်က ထိန်းချုပ်ထားတာကို တရားဝင်မှုရရှိစေရေးအတွက်ပါ ဖြစ်တယ်။ သူတို့နဲ့ ယှဉ်ပြိုင်လာမယ့် နိုင်ငံရေးပါတီမှန်သမျှ ရပ်တည်ဖို့ မဖြစ်နိုင်မယ့် စနစ်တခုဖန်တီးပြီး အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်လာမယ့် လမ်းတွေအားလုံးကို ပိတ်လိုက်တာပါပဲ” လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မြန်မာသုတေသီ မန်နီမောင်က ပြောပါတယ်။

ဥပဒေအသစ်မှာတော့ နိုင်ငံရေးပါတီတွေအားလုံးဟာ ဒီဥပဒေကို ထုတ်ပြန်တဲ့ရက်ကနေ ရက် ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံတင်ရန်ပျက်ကွက်ခြင်း သို့မဟုတ် အရည်အသွေးမပြည့်မီသော နိုင်ငံရေးပါတီများအားလုံးကို ဖျက်သိမ်းမယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကိုတော့ အာဏာသိမ်းပြီးနောက်ပိုင်းတည်းက စစ်တပ်ကို ပြန်လည်ဆန့်ကျင် တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာထားပါတယ်။

အဲဒီဥပဒေအရ နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ပြီးချိန်ကနေ ၃ လအတွင်း ပါတီဝင်တသိန်း ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ အရင်က သတ်မှတ်ချက်ဖြစ်တဲ့ ပါတီဝင် ၁,၀၀၀ သတ်မှတ်ချက်ထက် အဆ ၁၀၀ များလာတာဖြစ်ပြီး ပါတီအများစုအတွက် အကြီးမားဆုံး အတားအဆီးလည်း ဖြစ်ပါတယ်။

“နိုင်ငံရေးပါတီတွေအနေနဲ့ ရန်ပုံငွေအနည်းဆုံး မြန်မာငွေ သိန်း ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၄၇,၀၀၀ ခန့်) ရှိရမယ်လို့လည်း သတ်မှတ်ထားပါတယ်။ ဒီပမာဏကို ပါတီငယ်လေးတွေက ဘယ်လိုမှ မတတ်နိုင်ကြပါဘူး။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက်သာ လုပ်ငန်းဆောင်ရွက်မယ့်ပါတီတွေ အတွက်ကတော့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ ရှိရမယ်လို့ ဆိုပါတယ်။ ဒီလိုအပ်ချက်တွေကြောင့် တိုင်းရင်းသားပါတီငယ်လေးတွေနဲ့ တခြားပါတီငယ်တွေဟာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူး” လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီကပြုလုပ်တဲ့ ရွေးကောက်ပွဲမှန်သမျှကို အကြွင်းမဲ့ကန့်ကွက်ပြီး ပါတီမှတ်ပုံတင်ခြင်းကို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကြေညာထားပါတယ်။ တိုင်းရင်းသားပါတီငယ်လေးတွေဖြစ်တဲ့ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) နဲ့ ကယန်းအမျိုးသားပါတီတို့ကလည်း ပါတီကို မှတ်ပုံတင်မှာ မဟုတ်တာကြောင့် ဖျက်သိမ်းခံရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီငယ်တွေထဲက တချို့သောပါတီတွေကတော့ မှတ်ပုံတင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုမှန်သမျှကို တားဆီးသွားမှာဖြစ်သလို မဲစာရင်းအတွက် လူဦးရေစာရင်း လိုက်လံကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံတချို့ကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ပြောပါတယ်။ ဒါ့ကြောင့် အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအောက်မှာ မှတ်ပုံတင်မယ့်ပါတီတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရမှာကို စိုးရိမ်နေကြပါတယ်။

အခုအသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေနဲ့ နိုင်ငံရဲ့ အရေးပေါ်အခြေအနေ ထပ်မံကြေညာတာနဲ့ စစ်အုပ်ချုပ်ရေး မာရှယ်လောတို့ကြောင့် စစ်တပ်က ပြင်ဆင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း အလိုလိုနေရာရထားတဲ့ စစ်တပ်ရဲ့ လက်အောက်ခံပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဒီ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေဟာ နိုင်ငံရေးပါတီတွေရဲ့ အခွင့်အရေးကို လေးစားရမယ့် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့လည်း ကိုက်ညီခြင်း မရှိပါဘူး။ နိုင်ငံတကာဥပဒေတွေမှာတော့ မဲပေးသူတွေဟာ သူတို့နှစ်သက်ရာ ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးခွင့်ရှိပြီး နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ လိုအပ်ချက် အရည်အသွေးကို သတ်မှတ်ရာမှာလည်း ကျိုးကြောင်းဆီလျော်ပြီး ခွဲခြားနှိမ့်ချခြင်းတွေ မပါဝင်ရပါဘူး။

မဲပေးသူတွေက သူတို့စိတ်ကြိုက် ကိုယ်စားလှယ်တွေကို မဲပေးခွင့်ရတဲ့ စစ်မှန်သော ဒီမိုကရေစီနည်းလမ်းတကျ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ယုံကြည်လက်ခံနိုင်စရာရှိသော၊ ပါတီစုံပါဝင်သော၊ လူ့အခွင့်အရေး၊ ကိုယ်စားလှယ်အခွင့်အရေးနဲ့ ပါတီတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာသော ရွေကောက်ပွဲစနစ်တခု မဖြစ်မနေ ရှိဖို့လိုအပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထိန်းချုပ်ထားတဲ့ကြားက မြန်မာနိုင်ငံသားတွေဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ သူတို့အမှန်တကယ်လိုလားတဲ့ အစိုးရကိုသာ မဲပေးရွေးချယ်ခဲ့ကြတာကြောင့် မူမမှန်တဲ့ စစ်တပ်က အာဏာသိမ်းပြီး ပြည်သူလူထုရဲ့ ရွေးချယ်မှုကို ငြင်းပယ်ခဲ့ပါတယ်။

အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်၊ အိန္ဒိယလို ဒေသတွင်း မိတ်ဘက်နိုင်ငံတွေ အပါအဝင် မြန်မာ့အရေးအပေါ် စိုးရိမ်တဲ့ အစိုးရတွေအနေနဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ကန့်ကွက်ရှုတ်ချကြပြီး ရွေးကောက်ပွဲ အတုအယောင်နဲ့ စစ်အုပ်ချုပ်ရေး တရားဝင်စေဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီကို တရားဝင် အသိအမှတ်မပြုကြဖို့ အရေးကြီးပါတယ်။

ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ သဘောထားတူညီတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်ကောင်စီ အကြီးတန်းအရာရှိတွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ထပ်တိုးဆောင်ရွက်သွားကြဖို့ လိုပါတယ်။

“ယုံကြည်လက်ခံနိုင်စရာရှိတဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ကို စစ်တပ်က အာဏာသိမ်းပြီး ဖျက်ဆီးလိုက်တယ်။ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရ ပြန်လည်ရရှိရေးအတွက် စစ်အာဏာရှင်တွေကို အတူပူးပေါင်း ဖိအားပေးဖို့ လိုပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မြန်မာပညာရှင် မန်နီမောင်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024