Home
မြန်မာသတင်း
တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေးတံတားကို မွမ်းမံပြင်ဆင်၊ တံတားဖွင့်မည့်ကိစ္စ ဆွေးနွေး
DVB
·
February 16, 2023

မြန်မာနိုင်ငံ တာချီလိတ်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားရှိ ပိတ်ထားတာကြာပြီဖြစ်တဲ့ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် ၁ မှာ ဖေဖော်ဝါရီ ၁၅ ရက်က သန့်ရှင်းရေးပြုလုပ်ပြီး  လူကူးမျဉ်းကျား၊ ယာဉ်စည်းကမ်း လမ်းစည်ကမ်းသတိပေးမျဉ်းကြားတွေ ဆေးပြန်သုတ်နေပါတယ် ။ 

အရင်ကထိုင်းဘက်ခြမ်းမှာသာ အခုလိုပြင်ဆင်တာတွေ့ရလေ့ရှိပေမဲ့ မြန်မာဘက်ခြမ်းမှာ မနေ့ကမှ ပြင်ဆင်နေတာ ထူးခြားကြောင်း၊ တံတားပြန်ဖွင့်မယ့် နေ့ကိုလည်း မျှော်လင့်ကြောင်း တာလော့ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တံတားပြန်ဖွင့်ဖို့ကတော့ အမြဲမျှော်နေရတာပေါ့၊ ဖွင့်မယ်လို့ ကောလာဟလတွေကြားပြီး တကယ်လည်းမဖွင့်ဘူး။ သူတို့ အခုလိုဆေးတွေပြန်သုတ်ရင်တော့ ဖွင့်ခါနီးပြီလို့ မျှော်လင့်ရတာပဲ။”

တာချီလိတ်ရပ်မိရပ်ဖ  တဦးကတော့ ဒီနေ့ စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရောက်နေပြီး ဌာနဆိုင်ရာ အစည်းအဝေးကျင်းပနေကြောင်း ၊ တံတားဖွင့်မယ့်ကိစ္စလည်း ဆွေးနွေးမယ်လို့ သိရကြောင်း၊ ဘယ်တော့ဖွင့်မလဲဆိုတာတော့ ဝန်ကြီးချုပ်အစည်းအဝေးအပြီး မနက်ဖန်မှာ သိရမယ်လို့ ပြောပါတယ်။

တာချီလိတ် Visa Service လူမှုကွန်ရက်မှာတော့ ၂၂ ဖေဖော်ဝါရီမှာ တံတားဖွင့်မယ်လို့ တာချီ လိတ်အာဏာပိုင်အသိုင်းအဝိုင်းကနေသိရတယ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ 1G1 ဟိုတယ်မှာ နှစ်ဘက်နယ်စပ်တာဝန်ရှိသူတွေ အစည်းအဝေးရှိတယ်။ အဆင်ပြေရင် ဖွင့်ဖို့များတယ်၊ မပြေရင် တော့ ခါတိုင်းလို နောက်ထပ်ရက်ရွှေ့ပြန်ပေါ့”လို့ ရေးသားထားပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် အဆိုပါ နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ၃ နှစ်ကျော် ပိတ်ထားခဲ့ပြီး ကုန်ပစ္စည်းတွေကိုတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ဖလှယ်နေပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်မှာ ရနောင်း-ကော့သောင်း ၊ မဲဆောက် - မြဝတီ နဲ့ မယ်ဆိုင် - တာချီလိတ် စတဲ့ နှစ်နိုင်ငံ ပြည်သူတွေတရားဝင် ဝင်ထွက်သွားလာနိုင်တဲ့  ချစ်ကြည်ရေးတံတား ၊ တံခါးပေါက် ၃ ခုရှိပြီး ရနောင်းနဲ့မဲဆောက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် တာချီလိတ်တံတားကို ဒီကနေ့ထိ မဖွင့်နိုင်သေးပါဘူး။

ထိုင်းဘက်ခြမ်းကတော့ ဖွင့်ဖို့အကြိမ်ကြိမ်ပြင်ဆင်ပေမယ့် မြန်မာဘက်က အဆင်မသင့်လို့ ကြန့်ကြာ နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024