Home
ဆောင်းပါး
အနောက်နိုင်ငံများနှင့် မြန်မာ့အရေး
DVB
·
February 16, 2023

စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ကျော်လာပြီဖြစ်တဲ့ အရှေ့တောင်အာရှဒေသတွင်းက မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကြားမှာ အဘက်ဘက်က ယိုယွင်း ယုတ်လျော့လာနေခဲ့ပါတယ်။ အကြမ်းဖက်မှုတွေလည်း တိုးတက်များပြားလာခဲ့ပြီး အကြမ်းဖက်မှု အများစုဟာ မြန်မာစစ်တပ်က အတိုက်အခံတွေပေါ်မှာ ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က နည်းလမ်းအမျိုးမျိုးနဲ့ သတ်ဖြတ်နေတာကြောင့် သေဆုံးခဲ့ရသူ ၃,၀၀၀ နီးပါးရှိလာပြီဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ စုစုပေါင်း ၁၈,၀၀၀ နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတင် အိုးအိမ်မဲ့ကာ ဒုက္ခသည်ဖြစ်သွားခဲ့ရသူတွေလည်း ၁ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ ငွေကြေးစီးဆင်းမှု ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းစီးပွားရေးတွေ ကျဆင်းကာ ဆင်းရဲမွဲတေမှုနှုန်းဟာလည်း နှစ်ဆတက်လာခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဘိန်းစိုက်ပျိုးမှုဟာလည်း ပိုမိုထွန်းကားလာခဲ့ပါတယ်။

တိုင်းရင်းသားလူမျိုးခွဲပေါင်း ၁၀၀ ကျော်ရှိပြီး လူဦးရေစုစုပေါင်း ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားက ဗျူဟာမြောက်တဲ့ အရေးကြီးနေရာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က လူနည်းစု ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးသုဉ်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာပေါင်း ၉ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရသလိုမျိုး အလားတူဖြစ်ရပ်တွေ ဖြစ်လာစေနိုင်တာကြောင့် မြန်မာနိုင်ငံက မတည်ငြိမ်မှုဟာ ဒုက္ခသည်ပြဿနာတွေ ဖြစ်လာစေနိုင်ပြီး ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုမတည်ငြိမ်မှုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ခေါင်းထောင်လာတဲ့ ဒုစရိုက်ဂိုဏ်းတွေနဲ့ မူးယစ်မှောင်ခိုလုပ်ငန်းတွေကို ပိုပြီး ကြီးထွားအားကောင်းစေပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့ မက်သာဖက်တမင်းနဲ့ ဘိန်းဖြူဈေးကွက်မှာ တင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အနောက်အုပ်စုဟာ စစ်အာဏာရှင်တွေရဲ့ ထိန်းချုပ်မှု လျော့ပါးအားနည်းသွားအောင် အချိန်တိုတွင်းမှာ မဆောင်ရွက်နိုင်ပေမဲ့ လုံးဝမစွမ်းသာတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ ဒီမိုကရေစီအမြင်နဲ့ ရည်မှန်းချက်တွေ ထည့်သွင်းပေးပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ကာလရှည်ကြာ ထောက်ပံ့ပေးခဲ့ကြတဲ့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အနာဂတ်မှာ မြန်မာနိုင်ငံသားတွေ ရှောင်လွှဲနိုင်စေရေးအတွက် ကူညီလိုစိတ် ရှိနေကြပါတယ်။ မြန်မာနိုင်ငံက လူမှုဘဝအခက်အခဲနဲ့ ဘေးအန္တရာယ်တွေ ပိုမိုဆိုးရွားမှု မရှိစေရေးအတွက် အနောက်နိုင်ငံ အစိုးရတွေကလည်း ဒေသတွင်းက မိတ်ဘက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာက ချမှတ်လိုက်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့ခံရတဲ့ အတွေ့အကြုံရှိပြီး နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို မတုန်လှုပ်တဲ့ စစ်အာဏာရှင်တွေအပေါ်မှာ ထိရောက်မှု အနည်းငယ်သာ ရှိခဲ့ပါတယ်။

အခုချိန်မှာရှိနေတဲ့ ခြိမ်းခြောက်မှုကတော့ ဒီအာဏာရှင်တွေဟာ မကြာခင်မှာ ရွေးကောက်ပွဲ အတုအယောင်နဲ့ ဒေသတွင်းမှာ တရားဝင်မှုအတုကို ဖန်တီးကာ နိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို တောင်းဆိုလာနိုင်တာပါပဲ။ အကယ်၍သာ မြန်မာစစ်အာဏာရှင်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေတွေကို ဖြေလျှော့ပေးလိုက်ပြီး အဲဒီလိုသာ တောင်းဆိုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံပါဝင်နေဆဲဖြစ်တဲ့ အာဆီယံအဖွဲ့တွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာပြီး ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ဆောင်ရွက်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ပြုလုပ်သွားမယ့် ဘယ်လို ရွေးကောက်ပွဲမျိုးကိုမဆို ကန့်ကွက်ကြောင်း ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အမေရိကန်က ပိတ်ဆို့မှုတွေ ချမှတ်အရေးယူခဲ့ပါတယ်။ အနောက်နိုင်ငံအစိုးရတွေအနေနဲ့ ထိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်ကို အပယ်ခံဘဝကနေ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် ပြန်ရောက်လာစေမယ့် ရွေးကောက်ပွဲ အတုအယောင်ကို ထောက်ခံအားပေး ကူညီတာမျိုးတွေ မလုပ်ကြဖို့ တားဆီးဖျောင်းဖျရမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ဝိုင်းဝန်းဖယ်ကြဉ်တာတွေ ထပ်တိုးဆောင်ရွက်ပြီး အပြင်ကမ္ဘာကနေ သူတို့အတွက် ငွေကြေးနဲ့ တခြားအရင်းအမြစ်တွေ မရနိုင်အောင် တားဆီးပိတ်ဆို့ကြရမှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း မြန်မာစစ်အာဏာရှင်တွေနဲ့ စီးပွားရေးနဲ့ စစ်ရေး ဆက်နွှယ်ပတ်သက်မှုတွေ ရပ်တန့်ဖြတ်တောက်ဖို့ ဖိအားပေးထားသင့်ပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ အစိုးရကလည်း အာဆီယံအစည်းအဝေးနဲ့ အခမ်းအနားတွေမှာ သူတို့ ရှိနေခြင်းအားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်နိုင်ခြင်း မရှိစေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအင်အားစုတွေကို သယ်ယူပို့ဆောင်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးမှာ ထောက်ပံ့ကူညီဖို့ အချက်အလက်တွေ ပါဝင်တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အတည်ပြုကြေညာခဲ့တဲ့ ဘားမားအက်ကိုလည်း ထပ်မံပြုပြင် အကျယ်ချဲ့နိုင်ရေး အတွက်ကိုလည်း အမေရိကန်လွှတ်တော်က နည်းလမ်းတွေ ရှာဖွေနေသင့်ပါတယ်။

မြန်မာနိုင်ငံက လိုအပ်နေသူတွေဆီကို ဒေသခံအဖွဲ့အစည်းတွေကနေတဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့နိုင်ရေးအတွက်ကိုလည်း အမေရိကန်ဟာ ဥရောပသမဂ္ဂအပြင် ဩစတြေးလျနဲ့ ဂျပန်တို့လို ဒေသခံ မိတ်ဘက်နိုင်ငံတွေအဖြစ်နဲ့ပါ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ အလွဲသုံးမှုနဲ့ အကြမ်းဖက်မှုတွေကိုလည်း နိုင်ငံတကာက သတိထား အာရုံစိုက်မိအောင် အနောက်နိုင်ငံတွေက ကြိုးပမ်းသင့်သလို စစ်အုပ်ချုပ်မှုကို တွန်းလှန်နေသူတွေက အရပ်သားအစိုးရအဖြစ် ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း အတူရပ်တည်ကြောင်း ပြသသင့်ပါတယ်။

များပြားလှတဲ့ နိုင်ငံတကာ ပြဿနာတွေကြားမှာ ဂရုမစိုက်မိခဲ့ကြတဲ့ မြန်မာ့အရေးဟာ အခုဆိုရင် အာရုံစိုက်မှု အနည်းငယ်ရရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ထပ်ပြီး အလေးပေးဖြေရှင်းခြင်း မရှိဘူးဆိုရင် အမေရိကန်နဲ့ မိတ်ဘက်နိုင်ငံတွေအတွက် အရေးပါတဲ့ ဒေသအတွင်းမှာ ပိုမိုကြီးမားတဲ့ ပြဿနာတွေ ပေါ်ပေါက်လာတော့မှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားရမယ့် ဘေးဒုက္ခတွေ လျှော့ချနိုင်ဖို့၊ ပိုမိုကြီးမားတဲ့ စစ်ပွဲတွေကို တားဆီးရပ်တန့်နိုင်ဖို့၊ မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ မျှော်လင့်ချက်ပန်းတိုင်ဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ဖို့အတွက် ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့အတူ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ဥဿာဆန်း

Ref- Bloomberg 

(Bloomberg သတင်းဌာနမှာ အယ်ဒီတာတွေရေးသားဖော်ပြထားတဲ့ “The West Isn’t Powerless in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024