Home
မြန်မာသတင်း
မဲဆောက် UNHCR ကို ဆန္ဒပြသည့်အဖွဲ့ ခြိမ်းခြောက်ခံရ
DVB
·
February 15, 2023

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က UNHCR ရုံးရှေ့မှာ မြန်မာ့ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး အသံတိတ် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ Maesot Refugee Voice အဖွဲ့ကို အွန်လိုင်းကနေ ခြိမ်းခြောက်မှုတွေ ရှိလာတဲ့အတွက် ဆန္ဒထုတ်ဖော်တာတွေ ရပ်ဆိုင်းထားတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က UNHCR ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေဆီကို အွန်လိုင်းကနေ အကောင့်တုတွေနဲ့ မက်ဆေ့ချ်တွေပို့ပြီး ခြိမ်းခြောက်စာတွေ ပို့ခံရပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ နောက်ဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ပြီး အခုလို ရပ်နားလိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Maesot Myanmar Refugee Voice တာဝန်ရှိသူတဦးက “အကောင့်တုနှစ်ခု ပေ့ချ်တစ်ခုနဲ့ စာတွေပို့ပြီး ဆန္ဒတွေဆက်မပြဖို့ ဆန္ဒပြနေတဲ့သူတွေက ဘာတွေဖြစ်ချင်နေကြတာလဲ၊ အခုဆန္ဒပြနေတဲ့သူတွေအနေနဲ့ လုပ်ဆောင်မှုတွေကို ရပ်တန်းကရပ်ပြီး ရှေ့ဆက်မတိုးဖို့ သတိပေးစာတွေဝင်လာတယ်”လို့ ပြောတယ်။ 

အခုလို ခြိမ်းခြောက်စာတွေပို့နေတဲ့သူတွေဟာ ကမ်းကူးပြီး လူသယ်ပေးနေတဲ့အဖွဲ့လို့ယူဆပြီး အရင်က ဒုက္ခသည်စခန်းတွေကို အခုဆန္ဒပြတဲ့အဖွဲ့က သွားလှူတဲ့အချိန်မှာလည်း အနှောင့်ယှက်တွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်း ဆန္ဒပြမှုမှာတော့ ဆန္ဒပြသူတွေက “UNHCR Save Burmese Refugee Quickly”၊ “Myanmar Refugee save”၊ “Recognize and accept Burmese Refugee”၊ “Do UNHCR Work” စတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ ထိုင်းရဲနဲ့ တခြားအာဏာပိုင်တွေ ငွေညှစ်တာတွေကို ရပ်တန့်စေချင်ပြီး ဖမ်းဆီးခံထားရတဲ့ ဒုက္ခသည်တွေကိုလည်း ပြန်လည်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေကို ပြင်ပမှာလှုပ်ရှားတာ ရပ်နားထားပေမဲ့ အွန်လိုင်းလှုပ်ရှားမှုတွေကတော့ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ Maesot Myanmar Refugee Voice တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည် ၂ သိန်းဝန်းကျင်ထိရှိလာပြီး ဘန်ကောက်ထောင်နဲ့ မဲဆောက်နှစ်ထပ်အကျဥ်းဆောင်တွေမှာ ငွေမပေးနိုင်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်အရေအတွက် ၃၀၀ ဝန်းကျင်ရှိနေတယ်လို့ မဲဆောက်ရောက် ဒုက္ခသည်အရေး ဆောင်ရွက်ပေးသူတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024