Home
မြန်မာသတင်း
မြန်မာနိုင်ငံကို လက်နက်မရောင်းချတာ နှစ်ပေါင်းများစွာကြာပြီဟု စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးပြော
DVB
·
February 15, 2023

စင်ကာပူကနေ  မြန်မာနိုင်ငံကို လက်နက်တွေမရောင်းချတာ အချိန်ကာလကြာမြင့်လှပြီဖြစ်သလို မြန်မာနိုင်ငံကို လက်နက်ရောင်းချတာကိုလည်း တားမြစ်ကန့်သတ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ဖေဖော်ဝါရီလ ၁၄ ရက် စင်ကာပူလွှတ်တော်မှာ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီကနေ မကြာမီကမှထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ “စစ်လက်နက်ကိရိယာများ ထုတ်လုပ်ရန် ကုန်ကြမ်းများအပါအဝင် မြန်မာစစ်တပ်အတွက် ကုန်ပစ္စည်း အမြောက်အမြား တင်ပို့ရာမှာ စင်ကာပူဟာ အရေးပါတဲ့ တဆင့်ခံနေရာဖြစ်”ကြောင်း ဖော်ပြချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် ဒန်းနစ်စ်တန် (အလုပ်သမားပါတီ၊ ဟောင်ဂန်းနယ်မြေ)ရဲ့ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

အစီရင်ခံစာမှာဖော်ပြထားတဲ့ ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီတွေအားလုံးကို လက်နက်သယ်ယူပို့ဆောင်ရေးဆိုင်ရာ တားမြစ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ  စင်ကာပူအာဏာပိုင်တွေက စစ်ဆေးခြင်းခဲ့ခြင်းရှိပါသလားလို့ မစ္စတာတန်က မေးမြန်းခဲ့ပါတယ်။ 

စင်ကာပူ အပါအဝင် တချို့နိုင်ငံတွေမှာ မြန်မာစစ်တပ်လက်အောက်ခံ လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကို ကုန်ကြမ်းပစ္စည်းထောက်ပံ့နေတဲ့ ကုမ္ပဏီတွေရှိနေကြောင်း ဖော်ပြထားတဲ့ အစီရင်ခံစာ ဇန်နဝါရီ ၁၆ ရက်နေ့ကထွက်ရှိခဲ့တာပါ။

ဒီနောက် မြန်မာနိုင်ငံကို လက်နက် သို့မဟုတ် လက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ လွှဲပြောင်းပို့ဆောင်ရောင်းချတာကို စင်ကာပူမှာ ခွင့်မပြုထားဘူးလို့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ စွပ်စွဲဖော်ပြထားတဲ့ အချက်အလက်တွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီတည်းက ရှိနှင့်ပြီးသား စီးပွားရေးပတ်သက်မှုတွေသာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေရှင်းပါတယ်။ 

မြန်မာနိုင်ငံကို စင်ကာပူက လက်နက်တွေ ထောက်ပံ့နေသလား ဆိုတဲ့မေးခွန်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ဂျ်ယိုးက ၂၀၀၇ ခုနှစ်မှာ ပြန်လည်ဖြေဆိုခဲ့တဲ့ စကားကိုလည်း ဒေါက်တာဘာလာခရစ်ရှ်နန်က ပြန်လည်ရည်ညွှန်းခဲ့ပါတယ်။ 

မစ္စတာယိုးက “ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေ ရောင်းဝယ်ရာမှာ အချက်အလက် အသေးစိတ်တွေကို လူသိရှင်ကြား မထုတ်ပြန်ဖို့ အစိုးရက မူဝါဒ ချမှတ်ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတားဆီးပိတ်ဆို့ဖို့ ကုလသမဂ္ဂက ချမှတ်ထားတာလည်း မရှိသေးပါဘူး။ ရှိလာခဲ့ရင်လည်း စင်ကာပူက လိုက်နာသွားမှာ ဖြစ်ပါတယ်။ အခုချိန်ထိ မြန်မာနိုင်ငံကို တင်ပို့ရောင်းချနေတဲ့ ကာကွယ်ရေးပစ္စည်းပမာဏဟာ အမြောက်အမြား မဟုတ်သလို၊ ပြည်သူတွေ ဆန္ဒပြတာကို ပြန်လည်တိုက်ခိုက်ရာမှာ အသုံးချနိုင်တဲ့ လက်နက်ကိရိယာတွေ မပါဝင်စေရေးကိုလည်း ဂရုတစိုက်ကန့်သတ်ထားကြောင်းပြောနိုင်ပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို ကာကွယ်ဆိုင်ရာပစ္စည်းတွေ ရောင်းချခဲ့ခြင်းမရှိသလို ဒီအတိုင်းဆက်သွားပြီး ကျနော်တို့ရဲ့ လုပ်ရပ်တွေကို တာဝန်ယူသွားမှာဖြစ်ပါတယ်။” လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲဒီပြောဆိုချက်ကို ပြန်လည်ရည်ညွှန်းရင်း ဒေါက်တာဘာလာခရစ်ရှ်နန်က“အခု ၁၆ နှစ်ကြာပြီးနောက်မှာလည်း ကျနော်တို့ရဲ့ ရပ်တည်ချက်က မပြောင်းမလဲသေးပါဘူး။ လက်နက်ရောင်းဝယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာကချမှတ်ထားတဲ့ ကျင့်ဝတ်ဝတ္တရားတွေအတိုင်းရော၊ ကုလသမဂ္ဂက ချမှတ်ထားတဲ့ လက်နက်ရောင်းချမှုပိတ်ဆို့ရေး ကန့်သတ်ချက်တွေအတိုင်းရော စင်ကာပူက အလေးအနက်လိုက်နာပါတယ်” လို့ ပြောခဲ့ပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချရေး ကန့်သတ်ပိတ်ဆို့ဖို့ အဆိုပြုချက်ကိုလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ စင်ကာပူက ထောက်ခံမဲပေးခဲ့ကြောင်း ဒေါက်တာဘာလာခရစ်ရှ်နန်က ပြောခဲ့ပါတယ်။

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခြင်းမပြုဖို့ ဆုံးဖြတ်ချက်ဟာ ဥပဒေအဖြစ် အတိအကျလိုက်နာရမယ်လို့ သတ်မှတ်ထားခြင်းမရှိပေမယ့် စင်ကာပူအစိုးရကတော့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချတာကို တားမြစ်ထားပါတယ်။ လက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုနိုင်တဲ့ အရပ်ဘက်ရော စစ်ဘက်ပါ နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းကိရိယာတွေကိုလည်း မြန်မာနိုင်ငံကိုလွှဲပြောင်းပို့ဆောင်ခြင်းကနေတားမြစ်ထားပါတယ်” လို့ ဒေါက်တာ ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

အဲဒီနောက် မစ္စတာတန်က စွပ်စွဲချက် ထွက်ပေါ်လာပြီးနောက်မှာ ကုမ္ပဏီတွေကို ဘယ်လိုတွေ စစ်ဆေးနေသလဲဆိုတာနဲ့ စည်းကမ်းချက်တွေကို ကုမ္ပဏီတွေက လိုက်နာခြင်းရှိ၊ မရှိ ဘယ်လိုတိုင်းတာစစ်ဆေးနေသလဲ ဆိုတာကိုလည်း မေးမြန်းခဲ့ရာမှာ ဒေါက်တာဘာလာခရစ်ရှ်န်က မစ္စတာဂျော့ဂျ်ယိုးရဲ့ တုံ့ပြန်ပြောဆိုချက်ကိုပဲ ရည်ညွှန်းခဲ့ပြီး ပြောရရင် ကျနော်တို့ဟာ မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာ လက်နက်ကိရိယာတွေ ပို့ဆောင်ရောင်းချခြင်းမရှိတာ ဆယ်စုနှစ်တစ်ခုနဲ့ တစ်ဝက်ရှိခဲ့ပါပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုလက်ရှိမှာဆိုရင်လည်း မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာလက်နက်ပစ္စည်းတွေ တင်ပို့လွှဲပြောင်းရောင်းချတာတွေ တားမြစ်ထားသလို သွင်းကုန်ထုတ်ကုန် စာရင်းမှာ အဲဒီပစ္စည်းတွေ ပါလာတာနဲ့ တားဆီးလိုက်ပါတယ်။ အရပ်သုံးပစ္စည်းကိရိယာတွေဆိုရင်လည်း စစ်ဘက်သုံးလက်နက်ကိရိယာအဖြစ် ပြောင်းလဲအသုံးချနိုင်တယ်လို့ သံသယရှိတာနဲ့ တားဆီးလိုက်တာပါပဲလို့ ဒေါက်တာဘာလာခရစ်ရှ်နန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

မြန်မာနိုင်ငံကို ကာကွယ်ရေးဆိုင်ရာလက်နက်ပစ္စည်းတွေ တင်ပို့လွှဲပြောင်းရောင်းချတာတွေမလုပ် ဘူးလို့ စင်ကာပူက ပြောနေပေမဲ့ စစ်ကောင်စီအတွက် စစ်လက်နက်တွေ၊ စစ်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ လေယာဉ်ဆီစတာတွေကို ဝယ်ယူရာမှာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024