ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်၊ ချိန်းထောင်းအုပ်စုထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုဝင် ၅ ဦးရဲ့အလောင်းကို တောင်ယာစိုက်ခင်းအနီး တွေ့ရှိပြီးတဲ့နောက် အဲဒီမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာလုပ်သား ၃ ဦးကို တာဝန်ရှိသူတွေက အဓိကပစ်မှတ်ထား ရှာဖွေနေပါတယ်။ အဆိုပါမြန်မာလုပ်သား ၃ ဦးမှာ ဦးမွှေး (၄၀ နှစ်) နဲ့ သားဖြစ်သူ ကိုတိုး ( ၂၀ နှစ်) ၊ သမက်ဖြစ်သူ ကိုကောင်း (၂၃ နှစ်)တို့ဖြစ်ပြီး ၅ ဦး အလောင်းတွေ့ပြီးကတည်းက ပျောက်ဆုံးနေတာဖြစ်ပါတယ်။
မျက်မြင်သက်သေက သူတို့ ၃ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က လယ်ယာသုံးအစိမ်းရောင်ကား ၁ စီးနဲ့ ဖုပ်ဖရဘက် ထွက်သွားတာတွေ့ပြီး ပြန်လာတာတော့မတွေ့ကြောင်းနဲ့ အဲဒီနောက် အဆိုပါကားကို မဲဆောက်မြို့နယ် မယ်လမော့ရွာအနီးမှာ စက်ဆီကုန်နေတဲ့အနေအထားနဲ့ ရပ်ထားတာ တွေ့ခဲ့ပါတယ်။
အဲဒီကားကို ရွာသူကြီးအိမ်မှာ ခေတ္တသိမ်းဆည်းထားပြီး အခုအခါတာဝန်ရှိ သူလက်ထဲအပ်လိုက်ပါတယ်။
ဒီမတိုင်ခင်က အသတ်ခံရတဲ့သူထံမှာ အလုပ်လုပ်ဖူးခဲ့တဲ့ မြန်မာအလုပ်သမား ၄ ဦးကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
အလုပ်သမား ၄ ဦးကတော့ သေဆုံးသူရဲ့ တောင်ယာဟာ ကျယ်ပြန့်တဲ့အတွက် ဦးမွှေးတို့နဲ့ အတူ မနေရကြောင်း၊ သူတို့က တခြားလယ်စောင့်တဲမှာနေနေပြီး အလုပ်ရှင် နိုင်းချောဝ်းရဲ့ အလောင်းမတွေ့ခင်ရှေ့ ၅ ရက်လောက်က သူတို့ကို ဆန်နဲ့ဟင်းချက်စရာတွေ လာပို့ ပေးတယ်လို့ ပြောပါတယ်။
နိုင်းချောင်းဟာ စကားအပြောအဆိုမောက်မာပြီး အလုပ်သမားတွေကိုလည်း သေနတ်နဲ့ ခြိမ်းချောက်လေ့ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒီမတိုင်ခင် ရဲတွေက ဒီအမှုဟာ မူးယစ်မှု၊ အိမ်ထောင်ရေးပြဿနာ၊ လူကုန်ကူးမှု၊ အလုပ်သမားပြဿနာစတဲ့ထဲက တခုခုဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ရာမှာ ကျန်တဲ့ ၃ ခု သံသယကင်းတာကို စစ်ဆေးတွေ့ရှိပြီး ပျောက်ဆုံးနေတဲ့ အလုပ်သမား ၃ ဦးကို အဓိက ပစ်မှတ်ထားရှာဖွေနေတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းလုပ်သားနေထိုင်တဲ့နေရာတွေမှာ ဝင်ရောက်စစ်ဆေးနေသလို နယ်စပ်တလျှောက် တရားမဝင်အလုပ်သမားဝင်ရောက်မှုနဲ့ ငှါးရမ်းခန့်ထားမှုတွေ ကြပ်မတ်စွာ စစ်ဆေးအရေးယူဖို့လည်း သက်ဆိုင်ရာက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
သူတို့ ၃ ဦးဟာ မြန်မာဘက်ခြမ်းကို တိမ်းရှောင်သွားပြီလို့ ယူဆရပေမယ့် ထိုင်းနိုင်ငံထဲမှာလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဝမ်းကျောက်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
နယ်မြေခံ မုန့်တိုင်းရင်းသားခေါင်းဆောင် နိုင်းခါ ဆေရှဲ့မားကတော့ လူသတ်သမားဖမ်း မိအောင်သတင်းပေးနိုင်သူ မည်သူ့ကိုမဆို ဘတ် ၅၀,၀၀၀ ဆုချမယ်လို့ ကြော်ငြာထားပါတယ်။
မုန့်တိုင်းရင်းသား နိုင်းချောဝ်း ( ၄၆ နှစ်)၊ သူ့ဇနီး နန်းကျေ့ ( ၃၄ နှစ် ) ၊ ၇ နှစ် နဲ့ ၁၀ နှစ်ရွယ် သား ၂ ယောက်နဲ့ ၃ လရွယ် သမီးငယ်တို့ဟာ တောင်ယာမှာအလုပ်သွားလုပ်စဉ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က တောင်ယာနဲ့ ၅၀၀ မီတာအကွာ လျှိုမြောင်နားမှာ အလောင်းအနေနဲ့တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ကိုးကား - naewna.com