မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်ကို လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ရင်း ကင်းဂိတ်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၆ နာရီခွဲလောက်မှာ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က လက်နက်ကြီး ၄၀ မမ လောင်ချာနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုမှာ လက်နက်ကြီးကျည်ဟာ ကင်းဂိတ်အပေါ် တည့်တည့်ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ MSRO ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် MSRO ရဲဘော်တွေ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ ကင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၈၇ တပ်ရင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသလို အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
မွန်ပြည်နယ်၊ ရေးမြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း လမ်းပေါ်ထွက်သွားလာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်ရင်းတွေက ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။