Home
မြန်မာသတင်း
မြန်မာ့ပြဿနာအဖြေရှာရေး နည်းလမ်းသစ်ရှာဖွေရန် အာဆီယံကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
DVB
·
February 14, 2023

မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒါတွတ်ဆရီအန်ဝါအီဘရာဟင်မ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ နည်းဗျူဟာအသစ်တွေရှာဖွေကြဖို့ အာဆီယံကို တိုက်တွန်းလိုက်ကြောင်း မလေးရှားနိုင်ငံအခြေစိုက် ဘနားမားသတင်းမှာ ဖော်ပြပါတယ်။

ထိုင်း PBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ဝန်ကြီးချုပ် အန်ဝါက “ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေဆီကို မြန်မာနိုင်ငံက ဒုက္ခသည်တွေ အမြောက်အမြားဝင်ရောက်လာပြီး အဲဒီဒဏ်တွေကို အိမ်နီးချင်းနိုင်ငံတွေကလည်း ခံစားနေရတာကြောင့် မြန်မာ့အရေးဟာ ပြည်တွင်းရေးသက်သက်ဖြစ်တယ်လို့ ဆက်ပြီးတော့ သတ်မှတ်ထားလို့ မဖြစ်တော့ဘူး” လို့ ပြောခဲ့ပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးအပေါ် ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး နည်းလမ်းသစ်နဲ့ ရှာဖွေကိုင်တွယ်ခြင်းမရှိဘူးဆိုရင် မြန်မာ့အရေးဟာ လွယ်လွယ်ကူကူနဲ့ အဆင်ပြေဖို့ ဝေးနေဦးမှာပဲ၊ ဒေသတွင်းက တခြားပြဿနာအတော်များများကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အာဆီယံရဲ့မူက ထိရောက်ပြီးအကျိုးရှိခဲ့ပေမယ့် မြန်မာ့အရေးမှာတော့ အာဆီယံရဲ့မူကို ပြန်သုံးသပ်မှဖြစ်တော့မယ်၊ မြန်မာ့အရေးမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေက အခုချိန်ထိအလုပ်မဖြစ်သေးဘူးလို့လည်း မလေးရှား ဝန်ကြီးချုပ်က ပြောပါတယ်။

မလေးရှားနိုင်ငံရဲ့ ၁၀ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ စတင်တာဝန်ယူခဲ့တဲ့ အန်ဝါဟာ တခြားအာဆီယံခေါင်းဆောင်တွေနဲ့ ယှဉ်လိုက်ရင် သူ့ကိုယ်သူ ဝါနုသေးတယ်လို့ ပြောဆိုလေ့ရှိပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတော်ဧည့်သည်အဖြစ် အခုလတ်တလောအတွင်း သူသွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနှစ်မှာ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအနေနဲ့ ဦးဆောင်နေတာဆိုတော့ လာမယ့် ရက်သတ္တပတ် တစ်ပတ်နှစ်ပတ်အတွင်းလောက်မှာ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီနဲ့ တွေ့ဆုံဖြစ်နိုင်ပါတယ်။ မြန်မာ့အရေးအပေါ်မှာ ကျနော့်ရဲ့ အမြင်တွေကိုပြောပြပြီး နည်းဗျူဟာအသစ်တွေ ဖန်တီးနိုင်ဖို့အတွက် သူ့ရဲ့ နိုင်ငံရေးအကြံဉာဏ်တွေကိုယူပါမယ်” လို့ အန်ဝါက ပြောပါတယ်။

ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်လာရောက်လည်ပတ်တဲ့ သူ့ရဲ့ခရီးစဉ်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့လည်း ဖေဖော်ဝါရီလ ၉ ရက်မှာ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် နှစ်နိုင်ငံနဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း ဘနားမား သတင်းမှာ ရေးသားထားပါတယ်။

Ref-Bernama

Photo Credit-Anwar Ibrahim

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024