ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ရှိ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းမှာ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက ကျောင်းတွင်း အဆောင်တခု မီးလောင်ပြီး အမျိုးသားတယောက် သေဆုံး သွားတယ်လို့ မီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။
ဒီနေ့ မနက်ပိုင်း ၉ နာရီကျော်လောက်က မီးလောင်ခဲ့တာဖြစ်ပြီး အမျိုးသား တယောက် သေဆုံးသွားပေမဲ့ ရဟန်းနဲ့ လူ ခွဲခြားအတည်ပြုလို့ မရသေးဘူးလို့ မြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ပေါ့ဆမီးက လောင်တာဖြစ်ဖို့ များတယ်။ အမျိုးသားတဦး မီးလောင်ပြီး သေဆုံးသွားတယ်။ အဲဒီနေရာမှာ ရဟန်းတပါးနေတယ်လို့တော့ သိရတယ်။ အဲဒီရဟန်းက အခု ကျောင်းမှာ မရှိဘူးလို့ ပြောတယ်။ အဲဒီတော့ အခုသေဆုံးသွားသူက ရဟန်းလား လူလားဆိုတာ အတည်ပြုလို့ မရနိုင်သေးဘူး။ စိစစ်နေဆဲပဲ။"
အခုမီးလောင်သွားတဲ့ အဆောင်မှာ ကျောင်းရဲ့ တောင်ဘက် ခြံစည်းရိုးနားမှာ ဆောက်လုပ်ထားတဲ့ အဆောင်ငယ်တခု ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာလည်း မီးလောင်လို့ နေအိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။