ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ မြေပုံမြစ် "သံသမ" မီးပြကျောက်ဆောင်အနီးမှာ ဖေဖော်ဝါရီ ၈ ရက် မနက် ၄ နာရီ ခွဲကျော်လောက်က ငါးရှာနေတဲ့ အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်လို့ တယောက်သေဆုံးသွားခဲ့ရပြီး တယောက် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရလို့ သေဆုံးသွားသူဟာ မြေပုံမြို့နယ်၊ ထုချေရွာသား အသက် ၃၅ နှစ်အရွယ် ကိုမောင်ဆန်းညွန့်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူကတော့ သူ့မိတ်ဆွေဖြစ်သူ အသက်၂၆ နှစ်အရွယ် ကိုဇော်မင်းသိန်းဖြစ်ပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူ ကိုဇော်မင်းသိန်းက “လှေရပ်ပြီးပိုက်ချနေကြတာပါ။ ကျနော်တို့အနီးကို မော်တော်ဘုတ်တစ်စီးကပ်လာတယ်။ ဘုတ်ပေါ်မှာ သေနတ်ကိုင်ထားတဲ့ ဗမာစကားပြောတဲ့ စစ်သားလူနှစ်ယောက် ဆင်းလာပြီး သူတို့ကို ကမ်းကိုလိုက်ပို့ ခိုင်းတယ်။ ကျနော်တို့လည်း ကြောက်ကြောက်နဲ့ လိုက်ပို့ပေးတုန်းမှာ သူတို့ကပြောတယ်၊ မအော်နဲ့တဲ့၊ အော်ရင်ပစ်သတ်လိုက်မယ်လို့ ပြောနေတုန်းမောင်ဆန်းညွန့်ကို သေနတ်နဲ့ ပစ်လိုက်တာ။ ကျနော်လည်း ရေထဲခုန်ချပြီး ထွက်ပြေးလာခဲ့တာပါ”လို့ ပြောပါတယ်။
လွတ်မြောက်လာတဲ့ ကိုဇော်မင်းသိန်းရဲ့ နေအိမ်ကို မနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ထူးချေရွာထဲသို့ ဝင်ရောက်ရှာဖွေခဲ့လို့ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံလိုက်ရတဲ့ ကိုမောင်ဆန်းညွန့်ရဲ့ ရုပ်အလောင်းကိုလည်း မိသားစုက ပြန်လည် ရယူနိုင်ခြင်းမရှိသေးဘူးလို့ ရွာသားတွေထံကနေ သိရပါတယ်။