Home
ဆောင်းပါး
ဇနက္ကထုံးနဲ့ လူထုက ချေမှုန်းနေတဲ့ ပျက်ကျဆုံးမယ့် လူတစု
DVB
·
February 9, 2023

စစ်မိစ္ဆာဘီလူးတွေ လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို မတရားလုယူခဲ့မှုကို ရရာနည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်ခဲ့ကြတဲ့ မြန်မာပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဟာ ၂ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုတွေဟာ လျော့ကျမသွားတဲ့အပြင် အရှိန်အဟုန် မြင့်တက်သထက် မြင့်တက်လို့နေပါတယ်။

မကောင်းမှုမှာမွေ့လျော်ပြီး လက်နက်ကိုသာ အားကိုးတတ်တဲ့ စစ်ဓားပြတပ်ဟာ သူတို့ရဲ့အာဏာကို အောက်ပါနည်းလမ်းနဲ့ အခြေအနေတွေကို ဖန်တီးပြီး ဖိနှိပ်အုပ်ချုပ် ဗိုလ်ကျလေ့ရှိပါတယ်။

၁။ အကြောက်တရားကို ဖန်တီးအုပ်ချုပ်ခြင်း

၂။ သတင်းအမှောင်ချ၊ အသိအမှောင်ချ အုပ်ချုပ်ခြင်း

၃။ အခွင့်အရေးနဲ့မျှားပြီး အုပ်ချုပ်ခြင်း

၄။ ညီညွတ်မှုဖြိုခွဲ အုပ်ချုပ်ခြင်း

ဒါပေမဲ့ အထက်ပါနည်းလမ်းနဲ့ အခြေအနေကို ဖက်ဆစ်မိစ္ဆာတပ်ဟာ အရင်တုန်းကလို အခုချိန်မှာ ဖန်တီးပြီး လှည့်စားခြိမ်းခြောက်အုပ်ချုပ်လို့ မရတော့ပါဘူး။ သူတို့ရဲ့နည်းလမ်းတွေ အားလုံးကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ခါးသီးတဲ့ ဘဝပေးအသိနဲ့ ကျကျနန သဘောပေါက်ခဲ့ပါပြီ။ စောမေတို့က နောကျေနေပြီလို့ ပြောဆိုနေကြပါပြီ။

ကြောက်လန့်ခြင်းက ကင်းဝေးသွားတဲ့ပြည်သူတွေ

အမှန်တရားကို စောင့်‌ရှောက်ဖို့၊ မတရားမှုကို ဆန့်ကျင်ရဲတဲ့သတ္တိတွေ စွေးစွေးနီမောင်းနေတဲ့ ပြည်သူတွေကို မိစ္ဆာစစ်ဘီလူးတွေဟာ အကြောက်တရားဖန်တီးပြီး နောက်ဆုတ်အောင် မလုပ်နိုင်တော့ပါဘူး။ အာဏာလုယူပြီး အကြမ်းဖက်သတ်ဖြတ်နေတာ ရက်ပေါင်း ၇၃၀ ကျော်လာတာတောင် တရက်မှ မပျက်ကွက်ဘဲ လမ်းပေါ်ထွက် ဆန္ဒပြသူကပြ၊ ရရာလက်နက်နဲ့ ဆန့်ကျင်အန်တု ရှေ့ဆက်ချီတက်နေကြတာဟာ မြန်မာပြည်သူတွေအပေါ်မှာ အကြောက်တရား မစိုးမိုးနိုင်တော့ဘူးဆိုတာကို ပြသနေတာမဟုတ်လား။

အသိအမှောင်ချလို့မရတော့တဲ့ ပြည်သူတွေ

ဒီကနေ့ လျှပ်စီးပြက်သလို သတင်းစီးဆင်းမှု မြန်ဆန်တဲ့ အင်တာနက်ကွန်ရက်ခေတ်ကြီးထဲမှာ သတင်းအမှောင်ချ၊ အသိအမှောင်ချလို့ မရနိုင်တော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စု အလွန်မှာ ဖြစ်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကာလလို တံခါးပိတ်ဝါဒနဲ့ သတင်းအမှောင်ချပြီး ဖိနှိပ်အုပ်ချုပ်လို့ မရနိုင်တော့ပါဘူး။ ပြည်သူပြည်သားတွေမှာ ခါးသီးနာကြည်းစရာ ဘဝပေးအသိနဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်ခဲ့ကြပါပြီ။ အပေါ်ယံရွှေမှုံကြဲ အတွင်းကနွားချေးနဲ့သလဲလို အမျိုးဘာသာ သာသနာ ဘာညာကွိကွ အယောင်ပြတွေနဲ့ ဦးနှောက်ကို အဆိပ်ခတ်လို့ မရတော့ပါဘူး။

အခွင့်အရေးနဲ့ မျှားခေါ်လို့ မရတော့တဲ့ ပြည်သူတွေ

တခါသေဘူး ပျဉ်ဖိုးနားလည်သွားတဲ့ ပြည်သူတွေဟာ ရေတိုအကျိုးစီးပွားကို ရေရှည်အကျိုးစီးပွားနဲ့ မလဲသင့်ဘူးဆိုတာ ပြတ်ပြတ်သားသား သိသွားကြတာမို့ အခွင့်အရေးနဲ့မျှားပြီး လမ်းမှားကိုခေါ်လို့ မရတော့ပါဘူး။ အခုချိန်ထိ CDM ဝန်ထမ်း ၃၈၀,၀၀၀ ထိ ရှိနေတာက သက်သေပြနေပါတယ်။ ပြန်လမ်းမရှိ‌တော့ဘဲ တစတစ မြုပ်နေတဲ့ လှေအိုးကွဲနဲ့တူတဲ့ စစ်အခွင့်ထူးခံ လူတန်းစားပေးမယ့် အရိုးအရင်း အခွင့်အရေးဆိုတာ ပြည်သူ့ခုံရုံးတက်ရမယ့် အမှုတွဲစာရင်း ဝင်တယ်၊ သမိုင်းအညစ်အကြေးတွေ ပေကျံနေတယ် ဆိုတာ ပြည်သူအားလုံး သိရှိခဲ့ကြပါပြီ။ စစ်အာဏာရှင် လက်ပါးစေတွေ၊ အတွေးအခေါ် နိမ့်ကျပြီး သီလယုတ်ညံ့သူတွေသာ စစ်ဓားပြ မိစ္ဆာတွေပေးတဲ့ နာမည်ဆိုးနဲ့ ဂုဏ်ထူးဘွဲ့ထူးတွေကို သေမယ့်အပတ် စစ်ထဲဝင် ဆိုသလို အဝိဇ္ဇာအမှောင်ဖုံးပြီး လက်ခံကြတာ ဖြစ်ပါတယ်။

ညီညွတ်မှုဖြိုခွဲလို့မရတော့တဲ့ ပြည်သူတွေ

စစ်အာဏာရှင်တွေ အကြောက်ဆုံးအရာဟာ ပြည်သူတွေ ညီညွတ်သွားမှာ၊ စည်းလုံးသွားမှာ ဖြစ်ပါတယ်။ သမိုင်းခေတ်အဆက်ဆက်ကို ကြည့်လိုက်ရင်လည်း စစ်ဗိုလ်ယုတ်ကြီးတွေဟာ တိုင်းရင်းသား ပြည်သူတွေကြား၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း၊ လက်နက်ကိုင် တော်လှန်‌ရေးအင်အားစုတွေကြား နည်းအမျိုးမျိုးနဲ့ သွေးခွဲသပ်လျှိုခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကြီးမှာတော့ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူတွေဟာ ဘုံရန်သူ စစ်မိစ္ဆာအသိုင်းအဝိုင်းကို အမြစ်ဖြတ်ဖို့ ညီညွတ်သထက်ညီညွတ်၊ စည်းလုံးသထက် စည်းလုံးလာကြတာကို တွေ့မြင်လာရပါတယ်။

သန္ဓေမမှန်တဲ့ လူပုဂ္ဂိုလ် ရှင်ရဟန်း၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့တချို့ကလွဲလို့ အများစုဖြစ်တဲ့ နိုင်ငံသားတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တွေ EAOs၊ ပြည်သူအပေါ် သစ္စာစောင့်ကြတဲ့ PDF, PRA တွေဟာ ပြင်းပြတဲ့ ယုံကြည်ချက် ဆန္ဒတွေနဲ့ နောက်ပြန်လှည့်ဖို့ တဆံခြည်တမျှင်တောင်မသန်းဘဲ စစ်အာဏာရှင် အကြွင်းမဲ့ဖျက်သိမ်းရေး အောင်လံကို တညီတညာတည်း လွှင့်ထူထားကြပါတယ်။

တနည်းအားဖြင့်ပြောရရင် အခွင့်ထူးခံစစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်အတွက် ရှင်သန်စရာ ရေခံမြေခံ အခြေအနေအားလုံး မြန်မာနိုင်ငံမှာ ပျောက်ဆုံးလို့သွားခဲ့ပြီလို့ အတိအကျ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အခွင့်ထူးခံစနစ် ဖျက်သိမ်းရေး လူထုအရေးတော်ပုံမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိအောင် ပေးစွမ်းနိုင်တဲ့ အောက်ပါ အဓိပတိ ၄ ပါးစလုံး မြန်မာပြည်သူတွေမှာ ပြည့်စုံနေပါတယ်။

၁။ ဆန္ဒာဓိပတိ- အလိုဆန္ဒ အကြီးအမှူး။

၂။ ဝီရိယာဓိပတိ - ဝီရိယ အကြီးအမှူး။

၃။ စိတ္တာဓိပတိ - စိတ်အကြီးအမှူး။

၄။ ဝီမံသာဓိပတိ - ပညာအကြီးအမှူး။

သိတတ်နားလည်ကြတဲ့ မြန်မာပြည်သူလူထုရဲ့ ဇွဲလုံ့လဟာ အပြုသဘောဆန်တဲ့ အပြုအမူနဲ့ စိတ်အားထက်သန်စွာ ဆောင်ရွက်ရာမှာ လက်မလျှော့ခြင်း၊ ပီတိဖြစ်ခြင်းအတွက် သူရဲကောင်းပမာ ရဲစွမ်းသတ္တိအပြည့် ရှိနေကြပါတယ်။ ရေရှည်ထိန်းသိမ်းထားတဲ့ အားထုတ်မှုနှင့် စိတ်အားထက်သန်မှုမျိုး ဖြစ်ပါတယ်။

ဘယ်မျှကြာမြင့်ပြီး ဘယ်မျှခက်ခဲသည်ဖြစ်စေ ဆက်လက်ဆောင်ရွက်မယ်၊ ဘာပဲဖြစ်ဖြစ် ပျင်းရိခြင်း၊ စိတ်ပျက်ခြင်း ဖြစ်လာမှာမဟုတ်၊ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့အတွက် လိုအပ်တဲ့ အပြုသဘောအင်အားတွေ စုစည်းမိပြီး ကောင်းမွန်တဲ့ အပြုသဘော ဆောင်ရွက်ချက်တွေကို ခိုင်မာစွာ အားထုတ်တဲ့ ဇွဲလုံ့လဝီရိယ၊ မိမိနဲ့တကွ အများပြည်သူ‌တွေကို ကယ်တင်ကူညီဖို့ တနိုင်ငံလုံးကို အကျိုးပြုဖို့ ကြိုးစားရာမှာ ပါဝင်တဲ့ အခိုင်အမာအားထုတ်မှုမျိုး ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ ခံယူချက်၊ စိတ်ဓာတ်နဲ့ ဇွဲလုံ့လသတ္တိအပေါ် ယုံကြည်တဲ့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG အစိုးရကို အခုနှစ်မှာ ပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး မနှစ်မြို့စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဆိုတာ ထပ်ရှိလာမှာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာတော့မယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ မီဒီယာဆုံမှတ်ကတဆင့် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို တယ်လီဖုန်းကနေတဆင့် ဖြေကြားရာမှာ ပြောကြားခဲ့ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ဇနက္ကထုံး နှလုံးမူထားတဲ့ ပြည်သူလူထုက အပြင်းထန်ဆုံး ချေမှုန်းနေတဲ့ စစ်အခွင့်ထူးခံတသိုက်ဟာ ပြည်သူလူထုနှလုံးသားကို မသိမ်းပိုက်နိုင်ဘဲ ပြည်သူ့အမုန်းကိုသာ ပိုင်ဆိုင်ရတာမို့ နိုင်ငံကို ဘယ်သောအခါမှ လူလိုသူလို အုပ်ချုပ်ခွင့်မရဘဲ အခုဆို တနိုင်ငံလုံးရဲ့ ၁၇ ရာခိုင်နှုန်းသာ နယ်မြေစိုးမိုးထားနိုင်တာမို့ နေ့လားညလား အချိန်မရွေး ပျက်ကျဆုံးမယ့် အနာဂတ်မဲ့ သမိုင်းအမှိုက်ပုံကြီးသာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024