မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ကံသစ်ရွာတောင်ဘက် ထန်းတဲထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၂ ယောက်လောက်ကို ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး၊ မွန်းလွဲ ၂ နာရီလောက်မှာ ၁ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မနေ့က ညနေ ၃ နာရီလောက်မှာ နောက်ထပ် အီနာဂါဗုံးသီးတလုံး ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး အတိအကျ သိရှိနိုင်အောင် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ကံသစ်ကျေးရွာမှာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာသလို ကင်းပုန်းတွေပါ ချထားတာလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
ရေစကြိုမြို့မှာ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကလည်း ဆိုင်ကယ် ၂ စီးနဲ့ လှည့်လည်သွားလာနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီမှာ ဒေသတွင်း တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ရာ စစ်ကောင်စီစစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးတယ်လို့ Khin U local Guerrilla Force (KUGF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Khin U Local Guerrilla Force (KUGF) အဖွဲ့တာဝန်ရှိသူတဦးက “တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ ၁၀ ကောင်လောက်သေနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရရှိခဲ့တယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ရွှေဘိုခရိုင်တပ်ရင်း-၉၊ ရွှေဘိုခရိုင်တပ်ရင်း-၂၁၊ Red Dragon Defence Of Force၊ ၅/မဟူရာကျွဲရိုင်း၊ ဒေသတွင်း မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Khin U Local Guerrilla Force (KUGF) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေ အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။