မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းအနီးမှာ ဇန်နဝါရီ ၂၃ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အရင်ရှေ့တရက်ကလည်း ကျပ်ပြင်က ဒေါ်နန်းကြည်တောင်နားမှာ ဗုံးတလုံးကွဲသေးတယ်။ မနေ့ညက ရဲစခန်းနားမှာကွဲတာ၊ လူထိခိုက်မှုတော့ မရှိဘူး။ အစတွေတော့ ခေါင်မိုးတွေမှာ လာမှန်တယ်” လို့ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
ကျပ်ပြင်ရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် သေနတ်ပစ်သံ ငါးချက်ခန့်ကြားခဲ့ရပြီး ရပ်ကွက်တွေအတွင်း စစ်ကောင်စီတပ်က လှည့်လည်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း မိုင်းဟုမ်းကျေးရွာအနီးမှာ စစ်တပ်က ဇန်နဝါရီ ၂၀ ရက်က လေယာဥ်အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် NUG PDF တပ်ရင်း-၁၂၂၂ က စစ်ကြောင်းမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့အနီးတဝိုက်မှာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်းမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကိုတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။