Home
ဆောင်းပါး
နွေဦး ၂ နှစ် ခရမ်းဦးတင်မောင်ဝင်း ၃၂ နှစ်အလွမ်း
မောင်တူး
·
January 18, 2023

ကြယ်မင်းကြွေခဲ့၊ သခင်မဲ့တာ

သုံးဆယ့်နှစ်နှစ်၊ ကြာပြီဖြစ်လည်း

သစ်ဆဲသူ့ဂုဏ်၊ နိမိတ်ပုံကား

သူငါကြားတွင်၊ ပြိုးပြက်ထင်ဆဲ

ဦးတင်မောင်ဝင်း၊ ဇာနည်မင်းအား

တို့များတတွေ၊ လွမ်းလေသမျှ

သတိရဆဲ၊ အောက်မေ့ဆဲပါတကား။ ။

(၁၈  ဇန်နဝါရီ ၁၉၉၁ အင်းစိန်ထောင်မှာ ကျဆုံးခဲ့)

မြန်မာ့ဒီမိုကရေစီသူရဲကောင်းတဦးဖြစ်တဲ့ ခရမ်းဦးတင်မောင်ဝင်းဟာ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ အင်းစိန်ထောင်မှာ ကျဆုံးခဲ့တာ ၃၂ နှစ်ရှိပြီ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ဦးတင်မောင်ဝင်း ကွယ်လွန်တယ်။ ဒါကြောင့် ၂၀၂၃ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ဟာ ၃၂ နှစ်ပြည့်ပေါ့။ ဒီလိုပါပဲ။ နွေဦးတော်လှန်ရေးဟာလည်း လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ၂ နှစ်မြောက်ပြီ။

ခရမ်း ဦးတင်မောင်ဝင်းရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ ၈၈၈၈ အရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ ၃,၀၀၀ ကျော်ကို မဆလစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့အပြီး စစ်အုပ်စု စစ်အာဏာရှင်ဘက်တော်သားမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့တခုတည်း လုပ်မယ်လို့ ပြတ်သားသွားခဲ့တယ်။ အလားတူ နွေဦးတော်လှန်ရေးမှာလည်း GZ လူငယ်မျိုးဆက်သစ် ဟောင်း ပြည်သူလူထုတွေဟာ လူ ၂,၇၀၀ ကျော်ကို သတ်ထားပြီးဖြစ်တဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ ဘက်တော်သား မှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့တခုတည်း လုပ်မယ်လို့ ပြတ်သားသွားခဲ့ကြတယ်။ ဘာကြောင့် ဒီလို ညီတူပြတ်သားသွားခဲ့ကြပါသလဲ။ ဦးတင်မောင်ဝင်းဟာ ၈၈၈၈ မှာ ရက်စက်ခဲ့ကြတဲ့ မဆလစစ်တပ်ကို တိုက်ဖို့ ပြတ်သားသွားသလို ဒီနေ့လည်း နွေဦးတော်လှန်ရေးသမား ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပန်းနေတဲ့ စစ်ကောင်စီတပ်ကို အပြုတ်တိုက်ဖို့ ပြည်သူတရပ်လုံး ပြတ်သားနေကြပါပြီ။

ခရမ်းဦးတင်မောင်ဝင်းအကြောင်း

(AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်တဲ့ “ရှစ်စက္ကန့်ငြိမ်” စာအုပ်မှ ကူးယူဖော်ပြပါတယ်။)

ခရမ်း ဦးတင်မောင်ဝင်းသည် ရန်ကုန်တိုင်း ခရမ်းမြို့ ဇာတိဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်က အဖမ်းခံရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ အသက် ၅၁ နှစ်တွင် ကွယ်လွန်သည်။

ခရမ်း ဦးတင်မောင်ဝင်းရဲ့ နိုင်ငံရေးဘဝ

နိုဝင်ဘာ ၂၀ ရက် ၁၉၃၈ ခုနှစ်တွင် မွေးဖွားသည်။ ဦးမြို့ ဒေါ်သန်းရှင်တို့၏သား ဖြစ်သည်။ ခရမ်းမြို့ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဘာသာရပ်ဆိုင်ရာ အသင်းများ၊ လက်ဝှေ့အသင်း၊ ကလောင်အသင်း၊ ကျောင်းဆောင်နှင့် သဟာယစာဖတ်အသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေး တပ်ဦးတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။

ဦးနေဝင်း တော်လှန်ရေးကောင်စီ အစိုးရက ကျောင်းသားအခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသော ဦးတင်မောင်ဝင်းအား ၁၉၆၃ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၀ ခုနှစ် စက်တင်ဘာလအထိ ၇ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၁၉၈၈ လူထုလှုပ်ရှားမှုကာလအတွင်း “စစ်ပြီးခေတ် ကျောင်းသားခေါင်းဆောင်ဟောင်းများအဖွဲ့” တွင် ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စတင်ဖွဲ့စည်းချိန်မှစ၍ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီတွင် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ရွေးကောက်ခံခဲ့ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ဂန္ဒီခန်းမတွင်ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ပြည့် အောက်တိုဘာ ၂၃ ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးတင်မောင်ဝင်းအား အမိန့်ချမှတ်ချိန်တွင် အလွန် နာမကျန်းဖြစ်နေသည့် အတွက် ခုံရုံးသို့ မတက်ရောက်နိုင်ခဲ့ပေ။

ဖမ်းဆီးခံရချိန်မှ ကွယ်လွန်သည့်အချိန်အထိ မိသားစုနှင့်လည်းကောင်း၊ လုပ်ဖော်ကိုင်ဘက် ရဲဘော်များနှင့်လည်းကောင်း ဆက်သွယ်ခွင့်မရခဲ့။

ခရမ်း ဦးတင်မောင်ဝင်း ကျဆုံးပုံ

သူသည် အင်းစိန်ထောင်အတွင်းတွင် ဝမ်းကိုက်ရောဂါ ခံစားနေရသည်။ ထိုအကြောင်းကို မိသားစုက စုံစမ်းသိရှိရသောအခါ ဆေးဝါးများပေးပို့ရန် ကြိုးပမ်းဆက်သွယ်ခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုပါ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်၌ ကွယ်လွန်သည်။ ကွယ်လွန်ပြီး နောက်တနေ့တွင် အာဏာပိုင်များက မိသားစုအား အကြောင်းကြားခဲ့သည်။ မိသားစုက ရုပ်အလောင်းကို ကြံတောသုသာန် အအေးတိုက်တွင် သွားရောက်ကြည့်ရှုခွင့်ရသည်။ ထောင်အာဏာပိုင်များက မိသားစုအား ဦးတင်မောင်ဝင်းသည် “သွေးကင်ဆာ” ရောဂါဖြင့် ကွယ်လွန်ကြောင်း ပြောကြားခဲ့သည်။

ကြယ်ကြွေတာ

ကင်ဆာတဲ့လား

ကင်ဆာကို တိုက်ဖျက်ကြ။ ။

(ဦးတင်မောင်ဝင်း ဈာပနပန်းခွေပါ ကဗျာ)

အာဟာရပြတ် ဆေးကုခွင့်မရ နှိပ်စက်ဒဏ်ကြောင့် ကွယ်လွန်ခဲ့

မှတ်ချက်။ ။ ဝမ်းကိုက်ရောဂါ ဖြစ်နေစဉ် ဆေးကုသခွင့် မရခဲ့ဟု ယုံကြည်ရသည်။ အာဟာရ ပြတ်ပြီး ကွယ်လွန်ခဲ့ခြင်းကြောင့် ဦးတင်မောင်ဝင်း ရုပ်အလောင်းမှာ အရိုးပြိုင်းပြိုင်း ဖြစ်နေသည်ကို မိသားစုက ကြေကွဲစွာ တွေ့မြင်ခဲ့ရသည်။ မျက်ခုံးနှစ်ခုကြားတွင်လည်း အသားနှစ်ခုကွဲနေသည့် ဒဏ်ရာကို တွေ့ရသည်။ ဦးတင်မောင်ဝင်းသည် ကျောက်ကပ်ရောဂါ ဖြစ်ခဲ့ဖူးသောကြောင့် လစဉ် ဆီး သွေး စစ်ဆေးနေရသူ ဖြစ်သည်။ သွေးစစ်ချက်အဖြေများ ကောင်းမွန်နေသူတဦးသည် ၃ လ မပြည့်မီ ကာလအတွင်း “သွေးကင်ဆာ” ဖြင့် သေဆုံးရသည်ဆိုသော အာဏာပိုင်များ၏ ပြောကြားချက်မှာ သံသယရှိဖွယ် ဖြစ်သည်။

ဦးတင်မောင်ဝင်းရဲ့ ရဲရဲတောက် ၉၀ ရွေးကောက်ပွဲမိန့်ခွန်း

အခုကာလဟာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ကောင်စီ အာဏာသိမ်းထားတဲ့ကာလ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုတောင် အကောင်အထည် မဖော်ရသေးပါဘဲလျက် နောက်ထပ် ၂၀၂၃ ရွေးကောက်ပွဲလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီက အဓမ္မ ပြင်ဆင်နေတဲ့ကာလ ဖြစ်တယ်။ ဒီကာလမှာ ခရမ်း ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၃၂ နှစ်ပြည့်နဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ပိုသတိရစေပါတယ်။ ဦးတင်မောင်ဝင်းဟာ ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ ကနေ အနိုင်ရခဲ့သူပါ။ ၉၀ ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲတွေမှာ ဦးတင်မောင်ဝင်း ပြောခဲ့တာတွေကို ခရမ်းအမတ်တဦးဖြစ်တဲ့ ဦးကျော်သွင်က အခုလို ရေးသားခဲ့ပါတယ်။

“အံ့သြစရာကောင်းတာတခုက ဦးတင်မောင်ဝင်းရဲ့ အစ်ကိုကြီး ဦးဇော်ဝင်း (ဗိုလ်မှူးကြီး ဇော်ဝင်း) မဆလခေတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်လုံခြုံရေးကော်မတီဝင်က ဦးနေဝင်းရဲ့ စစ်တပ်က စစ်အာဏာရှင်တဦး။ ညီဖြစ်သူ ဦးတင်မောင်ဝင်းက စစ်အာဏာရှင်ကို အချိန်ရသရွေ့ တိုက်ပွဲဝင်နေသူ။ သူတို့ ၂ ဦး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ယှဉ်ပြိုင်အရွေးခံရခြင်းပဲ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်းက ပြည်သူတွေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဖြစ်ပြီး သူ့အစ်ကိုကြီး ဦးဇော်ဝင်းကတော့ မဆလ တဖြစ်လဲ တစညပါတီက ဖြစ်တယ်လေ။ အဲဒီတုန်းက ဒီမိုကရေစီသမား ဦးတင်မောင်ဝင်းက စစ်အာဏာရှင်တဖြစ်လဲ ဦးဇော်ဝင်းကို အနိုင်ယူခဲ့တယ်လေ။

ကျနော်နဲ့အတူ မဲဆွယ်စည်းရုံးပွဲတွေမှာ သူ့ပြည်သူနဲ့ သူ့ဆွေမျိုးသားချင်းတွေကို ရှင်းပြချက်က မှတ်သားစရာအပြည့်ပါ။ မက္ကသံ ဆိုတဲ့ ရွာကြီးမှာ ဦးတင်မောင်ဝင်းက -

“ဦးဇော်ဝင်းဟာ ကျနော့်အစ်ကိုကြီး၊ အဖေဆုံးသွားပြီးတဲ့နောက် ကျနော့်ကို အစစအရာရာ သွန်သင်ဆုံးမ စောင့်ရှောက်ခဲ့လို့ ကျနော့်ဖခင်ဆိုလည်း မမှားပါဘူး။ ကျနော် တခါ သေကောင်ပေါင်းလဲ ဖြစ်တဲ့အခါမှာ စင်ကာပူကဆေးတွေမှာပြီး ကျနော် ရောဂါပျောက်အောင် ကုပေးလို့ ကျနော့် အသက်သခင် ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ အခု ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲမှာ အစ်ကိုကြီးတမျက်နှာတည်း မကြည့်နိုင်ဘူး။ အစ်ကိုကြီးရဲ့ ကျေးဇူးတွေကို နောက်ဘဝပြောင်းပြီး ဆယ်သက်ဆပ်ရဦးတော့ ကျနော်ဆပ်မယ်။ အခုအချိန်မှာတော့ ဒီမိုကရေစီလိုလားတဲ့ သန်း ၅၀ မြန်မာပြည်သူတွေရဲ့ မျက်နှာကိုပဲ ကျနော် ကြည့်နိုင်မယ်။

၁၉၆၂ စစ်တပ်က ပြည်သူ့အာဏာကို သိမ်းလိုက်တော့ အစ်ကိုကြီးနဲ့ ကျနော့်ကြားမှာ ရေမြောင်းကလေး ခြားသွားပါပြီ။ အဲဒီအချိန်က ခုန်ကူးမယ်ဆို ကူးလို့ရနိုင်လောက်တဲ့ အကျယ်၊ ရေတသွင်သွင်နဲ့ စီးနေတဲ့မြောင်း။ ဒါပေမဲ့ ဆဲဗင်းဇူလိုင် အရေးအခင်းကြီး အပြီးမှာတော့ ခုန်ကူးလို့မရတော့ဘဲ မြောင်းကြီး ဖြစ်သွားပါပြီ။ အဲဒီနောက် ၇၂ ကျွန်းဆွယ်အရေးအခင်း၊ ၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေ အပြီးမှာတော့ အစ်ကိုကြီးနဲ့ ကျနော့်ကြားမှာ မြောင်းကြီးကနေ ချောင်းကြီး၊ မြစ်ကြီး၊ ပင်လယ်ကြီး ခြားသွားပါပြီ။

အခု ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာတော့ အစ်ကိုကြီးနဲ့ ကျနော့်အကြား သွေးပင်လယ်ကြီး ခြားသွားပါပြီ။ ဦးမြို့ (ဖခင်)၊ ဒေါ်သန်းရှင် (မိခင်) တို့ရဲ့ တအူထုံ့ဆင်း ညီအစ်ကိုအရင်းတွေ ဖြစ်ကြပေမဲ့ အစ်ကိုကြီးနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ မဆုံနိုင်စရာ သွေးပင်လယ်ကြီး၊ ကျောင်းသား ရဟန်း ပြည်သူတွေရဲ့ သွေးပင်လယ်ကြီး ခြားသွားပါပြီ”။ ပြီးတော့ “ကျနော့်ရဲ့ဘဝ၊ ကျနော့်ရဲ့အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ အရိုးတွေ တောင်လိုပုံမယ် ဆိုရင် အရိုးပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်အရိုး ရှိနေရပါစေမယ်” တဲ့။

ဦးတင်မောင်ဝင်းစကား သွေးပင်လယ်ခြား ပြည်သူနဲ့စစ်တပ်

လွန်ခဲ့တဲ့ ၃၂ နှစ်က ဦးတင်မောင်ဝင်း ပြောခဲ့သလိုပဲ အခုအချိန်မှာလည်း ပြည်သူလူထုနဲ့ စစ်ကောင်စီစစ်တပ်အကြား သွေးပင်လယ်ကြီး ခြားနေပါပြီ။ NLD အဖွဲ့ဝင်တွေကိုဖမ်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီး အာဏာသိမ်းလိုက်တဲ့အခါ ပြည်သူလူထုတွေ၊ လူငယ်တွေ၊ တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေက ငြိမ်နေမယ်လို့ စစ်ကောင်စီက ထင်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းလိုက်တာကိုက ပြည်သူနဲ့စစ်တပ်ဟာ မြောင်းလေးခြားသွားပါပြီ။ နောက်ပိုင်းမှာ အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့အခါ ခေါင်းတွေကို စနိုက်ဘာတွေနဲ့ ပစ်သတ်ဖမ်းဆီးအပြီး ပြည်သူနဲ့ စစ်တပ်ဟာ ခုန်ကူးလို့ မရတော့တဲ့ မြောင်းကြီး ခြားသွားပါပြီ။ နောက်ပိုင်း ဆန္ဒပြသူတွေကိုဖမ်းပြီး ညတွင်းချင်း သတ်ပစ်ခဲ့တယ်။ မနက်ကို အလောင်းပြန်ပေးတာတွေ များလာတယ်။ စစ်ကြောရေးမှာ မုဒိမ်းကျင့်တာတွေ၊ နှိပ်စက် သတ်ပစ်တာတွေ များများလာပြီးချိန်၊ ရွာတွေ မြို့တွေကို မီးရှို့ဖျက်ဆီးအပြီးမှာတော့ စစ်တပ်နဲ့ ပြည်သူလူထုဟာ သွေးပင်လယ်ကြီး ခြားသွားပါပြီ။

ဒါကြောင့်လည်း ခရမ်း ဦးတင်မောင်ဝင်း ပြောခဲ့သလို “ကျနော့်တို့ရဲ့ဘဝ၊ ကျနော့်တို့ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်တို့အရိုးတွေ ရှိနေရပါစေမယ်” လို့ နွေဦးတော်လှန်ရေး တိုက်ပွဲဝင် မြန်မာပြည်သူလူထုကြီးက ပြောနေကြပါပြီ။

သမိုင်းဝင် နွေဦးတော်လှန်ရေးကြီး ၂ နှစ်ပြည့်တော့မယ်။

ဒီမိုကရေစီသူရဲကောင်း ခရမ်း ဦးတင်မောင်ဝင်း ကွယ်လွန်ခဲ့တာလဲ ၃၂ နှစ်ပြည့်ပါပြီ။ သတိရဆဲ။ လွမ်းဆဲ။ ဂုဏ်ယူနေဆဲ။ အလေးပြုနေဆဲပါ။ ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024