Home
ဆောင်းပါး
သမ္မတရူး မင်းအောင်လှိုင် ထဘီစွန်တောင်ဆွဲပြီ
DVB
·
January 15, 2023

မင်းအောင်လှိုင်ဟာ ဘယ်သူဘာထင်ထင် သမ္မတဖြစ်ကြောင်း တကမ္ဘာလုံးကြားအောင် ထစ်ချုန်းပြခဲ့ပုံပါပဲ။ ၂၀၂၃ နှစ်စမှာ အကုန်ဝုန်းဒိုင်းကြဲကာ ရွှေစလွယ်ကြီးသိုင်းလို့ ဟန်ရေးပြခဲ့တယ်။ ဗုဒ္ဓဘာသာကို အကြမ်းဖက် တံခွန်လွှင့်ထူခဲ့တဲ့ အော့နှလုံးနာစရာ ဝီရသူကို ဆုတံဆိပ်ကြီးတွေ ချီးမြှင့်ခဲ့သလို ပျံလွန်ပြီးတာ ကြာပြီဖြစ်တဲ့ သာသနာ့ဂုဏ်ဆောင် ဆရာတော်ကြီးတွေကိုလည်း သွေးစွန်းနေတဲ့လက်နဲ့ ဘွဲ့တံဆိပ်တွေ ဆပ်ကပ်ရဲခဲ့တယ်။ မင်းအောင်လှိုင်က သူ့အပေါ် အများရဲ့အမြင်မှာ ဘာသာ သာသနာကို အင်မတန်အလေးထားတဲ့ သာသနာပြုပုဂ္ဂိုလ်ကြီးလို့ အထင်ရောက်စေလိုဟန်တူပါရဲ့။

ဇန်နဝါရီ ၄ ရက်နေ့မှာ အဲဒီလို ဆက်ကပ်ပြီး ဘယ်ကြာလိုက်မလဲ။ ဇန်နဝါရီ ၆ ရက်နေ့ကိုရောက်တော့ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲရွာကို မင်းအောင်လှိုင်တပ်က ဝင်စီးစဉ် အဲဒီရွာမှာတွေ့တဲ့ သီတဂူဗုဒ္ဓတက္ကသိုလ် နာယကလည်းဖြစ်၊ ဂုဏ်ထူးတန်းဘွဲ့ရ စာချဘုန်းကြီးလည်းဖြစ်တဲ့ ဆရာတော် အရှင်ဂန္ဓသာရကို စစ်သားတွေက ပစ်သတ်လိုက်ပြန်တယ်။

ကဲ၊ သာသနာတော်ကို ချီးမြှောက်တာမှ ၂ ရက်မပြည့်သေး။ လူသတ်ကောင် မင်းအောင်လှိုင်ရဲ့ သွေးစွန်းနေတဲ့လက်ကို တယုတယ သုတ်ပေးနေရှာတဲ့ သီတဂူဘုန်းကြီးကိုမှ အားမနာ။ မင်းအောင်လှိုင်ရဲ့ သာသနာပြုပုံက အဲဒီလိုမျိုးဆိုတော့ မင်းအောင်လှိုင် စိတ်မထင်ရင် သီတဂူဘုန်းကြီးတောင် တခုခုဖြစ်သွားနိုင်မလား မျက်ခုံးလှုပ်ချင်စရာ ကောင်းလှ။

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်က သာသနာတော်တွေ ဘာတွေ အဲဒီလို အားပေးချီးမြှောက်တာ အပြင် တခေတ်တခါက နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း မမေ့မလျော့ ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ပြန်တယ်။ ဖဆပလခေတ် ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ နေဝင်း၊ စန်းယု၊ စောမောင်အထိ။ မင်းအောင်လှိုင်က ဒီမိုကရေစီခေတ် ဖဆပလ နိုင်ငံ့ခေါင်းဆောင်တွေ အထိ နိုင်ငံရေးအမြင် တူချင်မှတူမှာဖြစ်ပေမဲ့ ရန်သူလို့ မသတ်မှတ်၊ နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် အသိအမှတ်ပြု မေတ္တာစိတ်ကြီးတယ်ဆိုတဲ့ အထင်ရောက်စေချင်ဟန်။

ဒါပေမဲ့ မေးခွန်းထုတ်စရာရှိတာက အမျိုးသားခေါင်းဆောင်ကြီးအဖြစ် တနိုင်ငံလုံးက အသိအမှတ်ပြု လေးမြတ်ကြတဲ့ ဦးအောင်ဆန်းကိုကျတော့ ဘာ့ကြောင့် ဘွဲ့ထူး ဂုဏ်ထူး မပေးရပါသလဲ။ ဦးအောင်ဆန်းကိုကျ ဘွဲ့ထူး ဂုဏ်ထူးပေးပြီး ဦးအောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ကိုကျတော့ မတရားဖမ်းဆီးထားတဲ့အပေါ် အရှက်ရှိနေလို့လား။ လူသတ်သမားက အမျိုးသားခေါင်းဆောင်ကြီးကို ဘွဲ့ထူးသွားပေးရင် ပြည်သူတွေ လက်ညှိုးငေါက်ငေါက်ထိုးပြီး တံတွေးနဲ့ထွေးမယ်ဆိုတာ အသေအချာ သိနေလို့များလား။

စကားစပ်လို့ ထပ်ပြောရရင် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းသမီးတွေက ကြောက်လို့ပဲဖြစ်ဖြစ် ဘာ့ကြောင့်ဖြစ်ဖြစ် ဆုပေးမယ်ဆိုတော့ မင်းအောင်လှိုင်ပေးမယ့်ဆုကို မပယ်ချရဲ။ အသက်ကြီးကာမှ အများပြည်သူရှေ့ အရှက်တကွဲ ဆုတက်ယူနေတဲ့အချိန်မှာ ဦးအောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်တွေကို အံတုလို့ ထောင်ထဲမှာ မာထန်နေတာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူတွ ဘာ့ကြောင့် ကြည်ညိုလေးမြတ်ကြသလဲဆိုတဲ့ အဖြေပါပဲ။

ဒါနဲ့ မဖြစ်မနေ မေးခွန်းထပ်ထုတ်ရမှာက စောမောင်ကိုတောင် ဘွဲ့ထူးဂုဏ်ထူးပေးသေးတာ၊ သန်းရွှေနဲ့ သိန်းစိန်ကျတော့ ဘာ့ကြောင့် မပေးရတာပါလဲ။ တွက်ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်က သန်းရွှေကို ဘွဲ့ထူးပေးဖို့ စကားကမ်းလှမ်းပုံရပြီး သန်းရွှေက ကြည့်ကောင်းအောင် စကားလှလှသုံးလို့ ငြင်းလိုက်ပုံရပါတယ်။ ဘာ့ကြောင့် ငြင်းရပါသလဲ။ မင်းအောင်လှိုင်နဲ့ ကင်းရှင်းကြောင်း သက်သေပြလိုဟန် ဒါမှမဟုတ် မင်းအောင်လှိုင်ရဲ့ အမှုတွဲအဖြစ် ပြည်သူ့တရားစီရင်ခန်းကနေ ကြိုးစင်ပေါ်ပို့မှာကို ရှောင်လွှဲနိုင်မလားဆိုတဲ့ အမြင်နဲ့ ငြင်းလိုက်ပုံပါပဲ။

ကွမ်းလေးတမြုံ့မြုံ့စားလို့ ဉာဏ်နီဉာဏ်နက်များတဲ့ သန်းရွှေဟာ မင်းအောင်လှိုင်လို မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ လူမိုက်စတိုင်မျိုး မရှိလေတော့ ပစ္စက္ခနိုင်ငံရေးအခြေအနေကို ခြုံငုံမိနိုင်ပါတယ်။ သူ့လက်ထက်တုန်းက နိုင်ငံတကာဖိအားတွေကို အတိုးအလျှော့တွေနဲ့ လှမ်းခဲ့နိုင်ပေမဲ့ အခု လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေ၊ အမေရိကန် NDAA နဲ့ တနိုင်ငံလုံးအနှံ့ သူပုန်ထနေတာတွေရဲ့ အနာဂတ် ဘာလဲဆိုတာ သန်းရွှေတယောက် သူငယ်မပြန်သေးဘူးဆိုရင် ကောင်းကောင်းသိမယ်ထင်ပါတယ်။

ဒါပေမဲ့ ထင်ရာစိုင်းနေတဲ့ မင်းအောင်လှိုင်ကို အာဏာမဲ့သန်းရွှေက ဘယ်ပြောရဲရှာမလဲ။ စကားတခွန်းလေးများ မှားမိရင် သေခါနီးအရွယ် နေဝင်းကို အကျယ်ချုပ်ဘဝ သူပို့ခဲ့သလို ဝဋ်ပြန်လည်နိုင်တယ်မဟုတ်လား။ ပြီးတော့ လောဘကြီးတဲ့ မင်းအောင်လှိုင်က မြေးတွေ မြစ်တွေတောင် သုံးမကုန်အောင် သန်းရွှေ ရှာထားခဲ့သမျှ အကုန်ပြန်သိမ်းနိုင်တယ်ဆိုတာလည်း ထည့်တွက်ရသေးတော့ ဘွဲ့ထူးဂုဏ်ထူးမပေးဖို့တောင် စကားလှလှသုံး ငြင်းရမယ်ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ သမ္မတအဆောင်အယောင်တွေနဲ့ သမ္မတတို့ လုပ်ငန်းဆောင်တာလို့ ထင်သမျှကို အကုန်လျှောက်လုပ်နေတော့တယ်။ ဇန်နဝါရီ ၄ ရက်မှာ လွတ်ငြိမ်းခွင့်ဆိုပြီး အကျဉ်းသူ၊ အကျဉ်းသား ၇,၀၁၂ ဦးကို လွှတ်တယ်။ ထုံးစံအတိုင်း နိုင်ငံရေးအကျဉ်းသားကတော့ နည်းနည်း။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ လွတ်ငြိမ်းခွင့် ၇,၀၁၂ ဦးမှာ နိုင်ငံရေးအကျဉ်းသားက ၃၀၀ ဝန်းကျင်သာ လွတ်မြောက်လာတယ်လို့ သိရတယ်။ အဲဒီလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ခပ်များများဟာလည်း အကျဉ်းသားတိုင်းရဲ့ ရပိုင်ခွင့် လျှော့ရက်သာ ရမယ်ဆိုရင် လွတ်ငြိမ်းမပေးလည်း လွတ်မယ့်လူတွေပါပဲ။

လွတ်လပ်ရေးနေ့မတိုင်ခင်က သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ပြန်လွှတ်ပေးတော့မှာလိုလို သတင်းထွက်ပေါ်ခဲ့ပေမဲ့ အခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲကနေ အကျယ်ချုပ်ပြန်ထားဖို့တောင် မျှော်လင့်လို့မရတဲ့ပုံမျိုးပါပဲ။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာ့ကြောင့် ပြန်မလွှတ်တာလဲဆိုတော့ မလွှတ်ရဲလို့ကို မလွှတ်တာလို့ အတိအလင်း ပြောနိုင်ပါတယ်။ နံပါတ်တစ် မလွှတ်ရဲရခြင်းအကြောင်းက အာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေကို ကမ္ဘာသိ ဖွင့်ချခံရမှာ မင်းအောင်လှိုင် ဆတ်ဆတ်ခါ ကြောက်နေပုံပါပဲ။ နောက်တချက် မလွှတ်ရဲခြင်းက ရိုးရိုးသားသားနည်းနဲ့ နိုင်ငံရေးယှဉ်မယ်ဆိုရင် ၁၀ ဘဝမက ယှဉ်လို့မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးတကြီးနဲ့ နိုင်ငံရေးအသေသတ်ချင်လို့ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး။ သူ့ရှေ့တော်မှောက် ဒူးမထောက်တဲ့ မြန်မာ့နိုင်ငံရေးအင်အားစု အားလုံးကို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ် လုံးဝပြန်မလာစေခြင်းဟာ မင်းအောင်လှိုင်ရဲ့ အရေးတကြီး ရည်မှန်းချက်ကြီးပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်က ရှင်းပါတယ်။ အခုလည်း ၂၀၂၃ ရွေးကောက်ပွဲအတွက် ကနဦးလုပ်ငန်းစဉ် အဖြစ် တအိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူမှုကို စတင်နေပြီဖြစ်ပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲဆိုတာ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကိုလည်း ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှုအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း မင်းအောင်လှိုင်က သွယ်ဝိုက်ကြေညာလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်က ဘယ်နိုင်ငံတကာကိုမှ လူမထင် ကိုယ်လုပ်ချင်ရာသာ လုပ်မယ်လို့ အတိအလင်း ပြောကြားလိုက်ပါတယ်။ သူ့ထုံးစံအတိုင်း မလုပ်ရဲတာ ဘာမှမရှိ၊ ကြိုက်တဲ့နည်းနဲ့ ရှင်းလို့ စိန်ခေါ်နေပုံပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024