Home
မြန်မာသတင်း
၂ နှစ်ခန့် ပိတ်ထားသည့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရာ မန့်ဝိန်း - ကျယ်ဂေါင်ဂိတ် ပြန်ဖွင့်
DVB
·
January 14, 2023

ကိုဗစ် ကပ်ရောဂါကြောင့် ၂ နှစ်ခန့်ကြာ ပိတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက် တစ်ပေါက်ဖြစ်တဲ့ မြန်မာ - တရုတ် နယ်စပ် အဓိက ကုန်သွယ်ရာ မန့်ဝိန်း - ကျယ်ဂေါင်ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီကစ  ပြန်လည်ဖွင့်လှစ် လိုက်ပြီလို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

"ဟုတ်တယ် ဖွင့်ပြီ။ လူ ဝင်၊ ထွက် မရသေးဘူး ခင်ဗျ" လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။ 

မြန်မာနိုင်ငံဘက်က ပို့ကုန်ယာဉ်နဲ့အတူ ယာဉ်မောင်း ၁ ဦးသာ တရုတ်ဘက် ဝင်လို့ရမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်မှုအရ သတ်မှတ်ထားရှိတဲ့ ၄၈ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးထားတဲ့ အထောက်အထား လက်မှတ်လိုအပ်တယ်လို့ ဆိုပါတယ်။

"တရုတ်ဘက်က ကုန်ရော လူရော လက်ခံပေမယ့် ကျနော်တို့ဘက်ကတော့ ကုန်ပဲလက်ခံတယ်။ ကားကတော့ ၁၆ တန် အထိပဲ။ လူက ကားဒရိုင်ဘာတယောက်ပဲရမယ်" လို့ နယ်စပ် တာဝန်ရှိသူ တဦးက ပြောပါတယ်။  

သတ်မှတ်ထားတဲ့ အာဆီယံ ကူးသန်းသွားလာခွင့် စံနှုန်းနဲ့ ကိုက်ညီရင် ယာဉ်နဲ့ကုန်ပေါင်း ၁၆ တန် အောက် ကုန်တင်ကားတွေ အကုန်ဝင်/ထွက်လို့ရပြီး ယာဉ်နဲ့အတူ ယာဉ်မောင်း ၁ ဦးသာ ခွင့်ပြုကာ ကိုဗစ် စံသတ်မှတ်ချက်အတိုင်း ညီညွတ်ရင် အခုချိန်ကစ ဝင်လို့ရပြီလို့ ဆိုပါတယ်။ 

တရုတ်ဘက်မှ ဝင်ရောက်လာမယ့် သွင်းကုန်ယာဉ်နဲ့အတူ ယာဉ်မောင်း ၁ ဦးသာ မြန်မာနိုင်ငံထဲ ဝင်လို့ရမှာဖြစ်ပြီး မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၂၃ ဇန်နဝါရီ ၁၄ ရက်နေ့ ထုတ်ပြန်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ဝင်ထွက်ဂိတ်တွေကနေ မြန်မာနိုင်ငံသို့ ဝင်ရောက်မယ့် ခရီးသွားတွေအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်မှတ်ချက်တွေနဲ့အညီ စစ်ဆေးပြီး ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေး ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ 

ပို့ကုန်ယာဉ်မောင်း ၁ ဦးက "ဖွင့်တယ်သာပြောတာ အကုန်လုံး mask တွေနဲ့ကော။ ရောဂါ ရှိသေးတယ် ထင်တယ်။ ရောဂါတွေ ပြန်ဝင်လာမှာ ကြောက်နေတယ်။ သူတို့ ကိုယ် သူတို့ မလုံဘူး ဖြစ်နေတာလေ။ တကယ်လို့ ရောဂါမရှိဘူး ဆိုရင် mask တပ်ထား စရာ မလိုဘူးလေ အဲလောက်ထိ စိုးရိမ်စရာ မလိုဘူးလေ။" လို့ ပြောပါတယ်။ 

တင်ပို့ကုန်အနေနဲ့ လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ကုန်နဲ့ သတ္တုတွင်းထွက် ပစ္စည်းတွေကလွဲလို့ ကျန်တဲ့ အခြားပို့ကုန် ပစ္စည်းတွေကိုသာ တင်ပို့ခွင့်ပြုပြီး ဒေသထွက်ကြံကိုလည်း ၆ ဘီး ကုန်တင်ယာဉ်နဲ့သာ အာဆီယံ စံချိန်စံညွှန်းအတိုင်း ယာဉ်နဲ့ကုန် စုစုပေါင်း ၁၆ တန်အထိသာခွင့်ပြုကြောင်း၊ သွင်းကုန်အဖြစ် လူသုံးကုန် နေ့စဉ် လိုအပ်တဲ့ စားသောက်ကုန်၊ ဆေးနဲ့ ဆေးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေကိုသာ တင်သွင်းခွင့်ပြုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

မန့်ဝိန်း ဝင်ထွက်ဂိတ်မှ တင်ပို့/တင်သွင်းမယ့် ကုန်တင်ယာဉ်တွေအနေနဲ့ အကောက်ခွန် ဦးစီးဌာနရဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီ စစ်ဆေးမှုခံယူပြီးမှသာ ဝင်ထွက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ထဲရှိ နှစ်နိုင်ငံ လူဝင်၊ လူထွက် ဂိတ်တွေဖြစ်တဲ့ နန်းတော် (အလယ်ပေါက်)ဂိတ်နဲ့ ဆင်ဖြူ လူဝင်၊ လူထွက်နဲ့ ဈေးဂိတ်တွေကိုတော့ ဖွင့်မှာဖြစ်ပေမယ့် မြန်မာဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် အချိန် အနည်းငယ်စောင့်ဆိုင်းရမယ်လို့ နယ်စပ်ကုန်သည် ၁ ဦး က ပြောပါတယ်။ 

"အခု သူတို့ ဆင်ဖြူပေါက်ကအခု တံဆိပ်တုံးရိုက်တဲ့ နေရာတို့၊ ဆေးသုတ်တာတွေ ဘာတွေ လုပ်ရအုံးမှာ။ မကြာတော့ပါဘူ။" လို့ သူက ပြောပါတယ်။

ကျင်စန်းကျော့ ဝင်ထွက်ဂိတ်မှ ကုန်တင်ပို့၊ တင်သွင်းခြင်းကိုလည်း လက်ရှိအတိုင်း ဆက်လက်ဆောင်ရွက်ခွင့်ပြုသွားမှာ ဖြစ်ကြောင်း၊ မူဆယ်မြို့အတွင်း ၆ ဘီး ကုန်တင်ယာဉ်တွေသာ ဝင်/ထွက်ခွင့်ပြုမှာဖြစ်ပြီး ကျင်စန်းကျော့လမ်းခွဲ ကျောက်တိုင်ကျော်ပါက မူဆယ်ဘက်ကို ၈ ဘီး ယာဉ်နဲ့အထက် ကုန်တင်ယာဉ်တွေကို ဝင်ထွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ကျင်းစန်းကျော့ဘက်တော့ အင်အား ပါဝါပိုကြီး တာကြောင့် လက်ရှိ ကုန်သွယ်မှုပြုနေတဲ့ ကျင်စန်းကျော့-ဝမ်တိန် ကုန်သွယ်ရာဂိတ်ကနေ မန့်ဝိန်း-ကျယ်ဂေါင် ကုန်သွယ်ရာဂိတ်ဘက် ယခင်ကလို ပြန်လည် ကုန်သွယ်လည်ပတ်မှု ပြုလုပ်နိုင်ဖို့ ခက်ခဲနေကြောင်း ကုန်သည်လုပ်ငန်းရှင် အချို့ဆီက သိရပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာ-တရုတ် နယ်စပ်၊ မူဆယ် - ရွှေလီ ဝင်ထွက်ဂိတ်တွေကို ၂၀၂၁ ခုနှစ်၊ မတ် ၃၀ ရက်နေ့ကစ ပိတ်ခဲ့ပြီး ၂၀၂၃ ဇန်နဝါရီ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီအချိန်ကစပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်မှုလုပ်ငန်းတွေကို ပြန်လည်လည်ပတ်ခွင့်ပြုလိုက်တာပါ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024